
လွန်ခဲ့တဲ့လက ပြင်သစ်နိုင်ငံအနှံ့ စူပါမားကက် အအေးခန်းတွေနဲ့ ရေခဲသေတ္တာတွေရဲ့ အပူချိန်ကို မြင့်တက်စေခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှု နောက်ကွယ်မှာ အီရန်အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရှိနေတယ်ဆိုပြီး စွပ်စွဲလိုက်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျော်န်-နိုအဲလ် ဘာဟိုးက “အတိုင်းအတာနဲ့ ရန်လိုတဲ့အဆင့် ၂ ခုစလုံးမှာ မကြုံဘူးတဲ့ အခြေအနေမျိုး” ဖြစ်တယ်ဆိုပြီး ပါဝင် ပတ်သက်သူတွေအပေါ် ဆန်ရှင်ချမှတ်မဲ့အကြောင်း အတည်ပြုပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့တုန်းက ပြင်သစ်စူပါမားကက် အများအပြားမှာ သုံးနေတဲ့ အအေးပေးစနစ်အတွက် အပူချိန်ထိန်းညှိပေးရာ ဆော့ဖ်ဝဲလ်ကို ဟက်ကာတွေက ထိန်းချုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် စူပါမားကက် ၁၀၀ ကျော်နဲ့ ဆိုင်ခွဲပေါင်း ၁၈၀ အပေါ် ထိခိုက်စေခဲ့ပြီး တချို့ဆိုင်တွေမှာဆိုရင် ရေခဲသေတ္တာအပူချိန်ဟာ ၅၀ ဒီဂရီစင်တီဂရိတ်အထိ ညတွင်းချင်း ထိုးတက်သွားတဲ့အလျောက် အေးခဲထားတဲ့ အစားအသောက် တန်ချိန်ပေါင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။
ဒါဟာ ရှာဟစ် ကာဗေး (Shahid Kaveh) အမည်ရ ဟက်ကာအဖွဲ့ရဲ့ လက်ချက်ဖြစ်သလို IRGC လက်အောက်ခံ အီလက်ထရွန်းနစ် ဆိုက်ဘာစင်တာနဲ့ ဆက်နွှယ်မှုရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အီရန်အစိုးရဘက်က တရားဝင်တုံ့ပြန်တာမျိုး မတွေ့ရသေးပေမဲ့လည်း ပြင်သစ်ရဲ့ စွပ်စွဲချက်တွေကို ပြည်တွင်းမီဒီယာတချို့မှာ အခြေအမြစ်မရှိဘူးဆိုပြီး ပယ်ချထားပါတယ်။
အလားတူ နောက်ထပ် ဥရောပ ၇ နိုင်ငံက စူပါမားကက်တွေမှာပါ ဆိုက်ဘာတိုက်ခိုက်မှု ဒုတိယလှိုင်း ပေါ်ပေါက်ခဲ့တဲ့အလျောက် ဒီဖြစ်ရပ်တွေကြား ဆက်စပ်မှု ရှိ၊ မရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။
သီးခြားဖြစ်ရပ်တခုအနေနဲ့ သြဂုတ်လတုန်းက အမေရိကန်စစ်စခန်းအနည်းငယ်မှာ အကြောင်းအရင်း မသိရဘဲ ရေခဲသေတ္တာတွေ ရုတ်တရက် ချို့ယွင်းသွားတဲ့အတွက် တမင်ရည်ရွယ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှု ဟုတ်၊ မဟုတ် ဆိုတာကို စုံစမ်းစစ်ဆေးနေပါတယ်။
အခုလိုမျိုး အီရန်နိုင်ငံမှာ တာဝန်ရှိတယ်ဆိုပြီး ဘယ်လိုအထောက်အထားတွေနဲ့ ကောက်ချက်ချခဲ့သလဲ ဆိုတာကိုတော့ ပြင်သစ်အစိုးရဘက်က ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
ဒါ့အပြင် ဟက်ကာတွေက သူတို့ရဲ့ တည်နေရာကို ဖျောက်ထားနိုင်တာကြောင့် ဆိုက်ဘာတိုက်ခိုက်မှုတွေ ဘယ်သူလုပ်သလဲဆိုတာ ဖော်ထုတ်နိုင်ဖို့အတွက် အလွန်ခက်ခဲကြောင်း သိရပါတယ်။
Source: Reuters











