DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူနှင့်ကြို့ပင်ကောက်တွင် စစ်ကောင်စီ အထိုင်စခန်းနှင့်စစ်ကြောင်း တိုက်ခိုက်ခံရ 
DVB
·
October 29, 2024
ကန့်ဘလူနှင့်ကြို့ပင်ကောက်တွင် စစ်ကောင်စီ အထိုင်စခန်းနှင့်စစ်ကြောင်း တိုက်ခိုက်ခံရ 
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာက စစ်ကောင်စီအထိုင်စခန်းကို အောက်တိုဘာ ၂၈ ရက်  မနက် ၁၀နာရီလောက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို KB4 တပ်ရင်း-ခွဲ (၂) နဲ့ ကာဘိုးတိုက်နယ်စစ်နိုင်လှုပ်ရှားအဖွဲ့တို့ ပူး ပေါင်းလုပ်ဆာင်ခဲ့တာလို့ ဆိုပါတယ်။

ကာဘိုးတိုက်နယ်စစ်နိုင်လှုပ်ရှားအဖွဲ့ တာဝန်ရှိသူ ကိုစစ်နိုင်က “ကျနော်တို့ ကာဘိုးရွာ အထက ကျောင်းမှာ အထိုင်ချနေတဲ့ အဖွဲ့ကို ဝင်တိုက်ခဲ့တာဗျ။ တိုက်ပွဲစဖြစ်တာက ၁၀ နာရီ ၅၅ မိနစ်ကနေ ၁၁ နာရီ ၂၅ မှာ အပြီးတိုက်ခိုက်နိုင်ခဲ့တာဗျ။ တိုက်ပွဲဖြစ်ပွားပြီး ပျူ ၄ ယောက် နေရာတင် သေဆုံးတယ်။ စစ်သား ၂ ဦးကတော့ ဒဏ်ရာပြင်းထန်ရတယ်။ ပြင်းထန်ဒဏ်ရာရတဲ့ စစ်သား ၂ ဦးကို ကန့်ဘလူ ဆေးရုံကိုသွားကုဖို့ သွားကြတယ်။ ဆေးရုံမရောက်ဘဲ လမ်းမှာတင် ၁ ဦး သေဆုံးတယ်။ အဲတော့ သေဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရသူ ၁ ဦးပေါ့။ ကျနော်တို့ဘက်ကတော့ အထိခိုက်အကျဆုံးမရှိခဲ့ဘူး။ တိုက်ပွဲအတွင်း စစ်တပ်ဘက်ကနေ ကာဘိုင် ၁ လက်၊ M1 ၁ လက်၊ G3 ၁ လက်နဲ့ ကျည်အမျိုးစုံ ၅၀၀ ကျော်သိမ်းစည်းနိုင်ခဲ့တယ်” လို့ DVBကို ပြောပါတယ်။

အဆိုပါ ကာဘိုးရွာဟာ လက်ရှိ စစ်ကောင်စီက ခန့်အပ်ထားတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့ ဇာတိရွာဖြစ်သလို ကန့်ဘလူမြို့နယ်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်ချို တို့ရဲ့ ဇာတိရွာဖြစ်တယ်လို့လည်း သိရပါတယ်။

ကာဘိုး ဒေသခံပြည်သူတယောက်က “တိုက်ပွဲဖြစ်တဲ့နေရာက ရွာအရှေ့ပိုင်းမှာရှိတဲ့ အထက စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ ကာကင်းစခန်းကို ဝင်ပစ်ပြီး တိုက်ပွဲဖြစ်တာ။ စစ်သားနဲ့ပျူအင်အားလည်းမနည်းပါဘူး။ အင်အား၅၀ကျော်တော့ ရှိလောက်မယ်။ ရွာပတ်ပတ်လည် ကင်းစခန်းတွေ ချထားပြီး ကင်းစောင့်တာတွေရှိတယ်။ အခုဖြစ်သွားတဲ့ နေရာက အထက ကျောင်း၊ စာကြည့်တိုက်ရှေ့၊ မီးသတ်ရုံး အဲဒီနေရာမှာ တိုက်ပွဲက ဖြစ်သွားတယ်။ စစ်တပ်ဘက်ကတော့ သေဆုံးတာတွေရှိတယ်။ သေဆုံးအလောင်းတွေကို ညတွင်းချင်း အမိန့်ပြန် သေနတ်ဖောက်ပြီးသင်္ဂြိုဟ်နေတဲ့အသံတွေလည်း ကြားနေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ကာဘိုရွာမှာအထိုင်ချပြီး ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်၊ ကာဘိုးတိုက်နယ်နဲ့ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ် စတဲ့ဒေသအတွင်းက ပြည်သူကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေ ပြုလုပ်နေတာလို့ ကာဘိုးရွာအနီး ဒေသခံတွေဆီက သိရပါတယ်။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ ၂၆ ရက် မနက် ၆ နာရီ၀န်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀ ထက်မနည်းသေဆုံးကာ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၂၈ ရက် ညနေပိုင်းမှာ အေးရွာလေးကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့တာဝန်ခံတယောက်က “ဥယျာဉ်ကြီးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ထုတ်နုတ်အင်အား ၃၀ လောက်ပါတဲ့ တပ်စစ်ကြောင်းက ဥယျာဉ်ကြီးရွာကနေ အေးရွာလေးရွာကို စစ်ကြောင်းထိုးဖို့ထွက်အလာ အေးရွာလေးရွာထိပ်နားမှာ ပဒေသာမိုင်း ၄ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။ ၁၀ ယောက်လောက်ကတော့ အဲ့ဒီနေရာမှာတင် တထိုင်တည်းသေတယ်။ နောက်ထပ် ၁၈ ယောက်လောက်ကတော့ အပြင်းအထန်ဒ ဏ်ရာတွေရသွားကြတယ်။ ၂ ယောက်လောက်ပဲ အကောင်းကျန်တယ်” လို့ DVB ကို ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံးဒဏ်ရာရသွားကြ တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူပိုင်ဖောကား ၂ စီးနဲ့ ကြို့ပင်ကောက်မြို့ကို သယ်ဆောင်သွားကြတယ်လို့လည်း ဆိုပါတယ်။

“ကြို့ပင်ကောက်ကို သယ်သွားတဲ့ ဒဏ်ရာရတဲ့ကောင်တွေထဲက နောက်ရက်မှာ ၁၀ ယောက်လောက်ထပ်သေတယ်လို့ မြေပြင်သတင်းအဖွဲ့တွေဆီကနေ ထပ်သိရတယ်ဗျ။ ဥယျာဉ်ကြီးရွာအထိုင်စခန်းမှာ ကျန်နေခဲ့တဲ့ ကောင်တွေက ပတ်၀န်းကျင်ရွာတွေကို ၀င်သောင်းကျန်းနေတယ်။ အေးရွာလေးရွာကိုလည်း ဝင်မီးရှို့နေတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့၀င်တွေ ပူးပေါင်းကာ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ အေးရွာလေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ထွက်ပြေးလာတဲ့ အေးရွာလေးကျေးရွာက ရွာခံတယောက်က “ညနေ ၆ နာရီကျော်ကျော်လောက်မှာ စစ်သားတွေနဲ့ ကွင်းချောင်းရွာဘက်က စိုးမင်းနိုင် ခေါင်းဆောင်တဲ့ ပျူစောထီးတွေ ကျနော်တို့ရွာထဲ ဝင်လာပြီး အိမ်တွေကို မီးရှို့တော့တာပဲ။ ​ကျနော်တို့ကတော့ အပြေးမြန်လို့ လွတ်လာတယ်။ ပြေးချိန်မရတော့လို့ ရွာထဲကျန်နေခဲ့တဲ့သူတွေရှိတယ်။ ရွာထဲကျန်နေခဲ့တဲ့ သူတွေထဲက အဖမ်းခံထားရတဲ့သူတွေရှိတယ်။ အဲ့လိုတော့ အဆက်အသွယ်ရတယ်ဗျာ။ အဲ့ဒီစစ်သား နဲ့ ပျူကောင်တွေ ရွာထဲမှာရှိနေသေးလို့ နောက်ထပ်လည်း မဆက်သွယ်ရဲသေးဘူး။ ဒီညကျနော်တို့ရွာမှာ တပ်စွဲမယ့်ပုံပေါ်တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်ခံရလို့ အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ ပြုလုပ်နေတဲ့အတွက် ထိထိရောက်ရောက် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013