DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် လေဆိပ်အသစ် ၆ ခု တည်ဆောက်ရန်လို  ပို့ဆောင်ရေး ဒုဝန်ကြီးပြော
DVB
·
October 29, 2024
ထိုင်းတွင် လေဆိပ်အသစ် ၆ ခု တည်ဆောက်ရန်လို  ပို့ဆောင်ရေး ဒုဝန်ကြီးပြော
Donate to DVB

ထိုင်းနိုင်ငံဟာ ဒေသတွင်း သယ်ယူပို့ဆောင်ရေး ဗဟိုချက်ဖြစ်လာပါက လေဆိပ်အသစ် ၆ ခု လိုအပ်လာမယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မန်နာပွန် ချာရိုရန်ဆီရိ က ပြောလိုက်တဲ့အကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အောက်တိုဘာ ၁၄ ရက်ကနေ ၁၈ ရက်အထိ ကျင်းပခဲ့တဲ့ ၅၉ ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ DGCA ညီလာခံမှာ ဒုဝန်ကြီး မန်နာပွန် ချာရိုရန်ဆီရိက ပြောလိုက်တာပါ။

"စဉ်ဆက်မပြတ်၊ ခံနိုင်ရည်ရှိသော အားလုံးပါဝင်သည့် လေကြောင်းသယ်ယူပို့ဆောင် ရေး၏ အနာဂတ်ကိုပုံဖော်ခြင်း” ခေါင်းစဉ်နဲ့ ကျင်းပတဲ့ အဆိုပါ ညီလာခံကိုတော့ ထိုင်းနိုင်ငံ လေဆိပ်များဌာန (DOA) အပါအဝင် နိုင်ငံပေါင်း ၄၈ နိုင်ငံက ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ လေကြောင်းအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

လာမယ့်နှစ် ၂၀ ကာလမှာ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားအရေအတွက် ၂ ဆ တိုးလာဖို့ မျှော်မှန်းထားပြီး အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသထဲမှာ သိသာ ထင်ရှားတဲ့ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု လိုအပ်ကြောင်းလည်း အလေးပေး ဆွေးနွေးခဲ့ကြတာပါ။

ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး မန်နာပွန် ချာရိုရန်ဆီရိက လေကြောင်းပို့ဆောင်ရေး အနာဂတ်မျှော်မှန်းချက်၊ ခရီးသည်ပမာဏ တိုးမြင့်လာရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးတို့ကို အလေးပေးဖော်ပြခဲ့သလို စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်းတွေနဲ့ မုဒ်ဒါဟန်၊ ဘင်ကန်၊ စဒွန်း ၊ ဖယောဝ်း၊ ကားလားဆင်၊ ဖတ်ထလုန်း ဒေသတွေမှာ လေဆိပ်အသစ် ၆ ခု တည်ဆောက်ရေးအပါအဝင် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သော လေဆိပ် အခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ထည့်သွင်းစဉ်းစားဖို့  တိုက်တွန်း ပြောဆိုလိုက်တာပါ။

ဝန်ကြီးဌာနအနေနဲ့ မသန်စွမ်းသူတွေ သွားလာခွင့်ကိုလည်း ဦးစားပေးကာ တန်းတူညီမျှ ခရီးသွားလာခွင့်ကို မြှင့်တင်နေတဲ့အပြင် သဘာဝပတ်ဝန်းကျင် ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ထိုင်းနိုင်ငံ လေဆိပ်များဌာန (DOA) အနေနဲ့ Airport Carbon Accreditation (ACA) အဆင့် ၅ ရရှိဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

DOA ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒန်နိုင်း ရူအင်ဆောင်က ဒေသအားလုံးမှာ အခြေခံအ ဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိမှာလည်း အနာဂတ် လေဆိပ်တွေ တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေ လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

Source: The Nation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013