DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းက မြန်မာလုပ်သားများ အလုပ်သမားအခွင့်အရေး အပြည့်မရ
DVB
·
October 27, 2024
ထိုင်းတောင်ပိုင်းက မြန်မာလုပ်သားများ အလုပ်သမားအခွင့်အရေး အပြည့်မရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်မှာ အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေဟာ အလုပ်သမားအခွင့်အရေး ပြည့်ပြည့်ဝဝ မရတာ၊ အချိန်ပိုကြေးမမှန်တာနဲ့ ပိတ်ရက်တွေမှာ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းတာတွေ ကြုံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ထိုင်းတောင်ပိုင်း အထူးသဖြင့် ဆုန်ခလာ၊ ပတ်တနီ ခရိုင် ၂ ခုမှာ ရှိတဲ့ အလုပ်ရုံ၊ စက်ရုံနဲ့ ရာဘာခြံလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်သမား အခွင့်အရေး ပြည့်ပြည့်ဝဝမရကြဘဲ ပင်လယ်စာ ငါးသေတ္တာစက်ရုံတွေမှာလည်း မြန်မာအလုပ်သမား ရာနဲ့ချီရှိနေပြီး အဲဒီမှာ အများစုက အစ္စလာမ်ဘာသာဝင်တွေနဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးလုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက “အဲဒီ ပြည်နယ် ၂ ခု မှာ ရှိတဲ့ လုပ်သားတွေက ရေခဲသယ်၊ မ၊ ရွှေ့ ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိတယ်။ တချို့ သေဆုံးရတာတွေ ရှိတယ်။ နောက် တနင်္ဂနွေ အချိန်ပိုဆင်းရသော်လည်း လုပ်အားခ ၂ ဆ မရတာတွေ ရှိတယ်။ ထိုင်းနိုင်ငံ နေ့ကြီးရက်ကြီးတွေမှာ ပိတ်မပေးတာရှိတယ်။ နောက် သတ်မှတ်ထားတဲ့ လုပ်အားခ ၃၄၅ ဘတ်၊ အိုတီ ၁ နာရီ ဘတ် ၆၀ ရတာလည်း ရှိတယ်။ မရတာလည်း ရှိတယ်။ ခွင့်ယူရတာလည်း တအားခက်ခဲတယ်။ ရာနဲ့ချီရှိနေတဲ့ အထည်ချုပ်စက်ရုံတွေကလည်း ဘာပဲပြောပြော ထိုင်းဥပဒေပါ အလုပ်သမား အခွင့်အရေးတွေကို ပိတ်ရက်ကိုခိုင်းပြီးတော့ အိုတီ ၂ ဆ မပေးတာရှိတယ်။ တနင်္ဂနွေ အားလပ်ရက်ကို အိုတီ အတင်းဆင်းခိုင်းတာ ရှိတယ်။ ကျန်းမာရေးအရ ဆေးဝါးကုသစရာလူဆိုရင် လွယ်လွယ်ကူကူ ခွင့်မရဘဲ ဒဏ်ကြေးပေးရတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး လူမှုဖူလုံရေးအားနည်းနေတယ်ဆိုတာ ပြသနေတာပေါ့” လို့ ပြောပါတယ်။

အလုပ်သမားတွေဟာ ပိတ်ရက်နည်းပါးပြီး တရက်ကိုလည်း နေ့စားလုပ်အားခက ဘတ် ၃၃၀ ဝန်းကျင်ပဲ ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် အများပြည်သူပိတ်ရက်နေ့တွေမှာ အချိန်ပိုဆင်းရင်လည်း သတ်မှတ်ထားတဲ့ လုပ်အားခ ၂ ဆ ပေးတာမျိုးမရှိဘူးလို့ ထိုင်း ပင်လယ်စာစက်ရုံတခုမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတယောက်က ပြောပါတယ်။

“ငါးသေတ္တာ ပင်လယ်စာလုပ်ငန်းက အခု ထိုင်းနိုင်ငံတောင်ပိုင်း ပတ်တနီမှာရှိနေတဲ့ ငါးသေတ္တာ စက်ရုံမှာဆိုရင် ကျနော်တို့ရဲ့ သီတင်းကျွတ်လပြည့်ရက် ပိတ်ရက်တွေလို အခါကြီးရက်ကြီးမျိုးတွေမှာ နားမပေးဘူး။ နားမယ်ဆိုရင် တထောင်ဖြတ်မယ်။ အလုပ်ဆင်းရမယ်။ ကိုယ့်နားလည်မှုနဲ့ ကိုယ်လုပ်ရတာပေါ့။ ကျနော်ကိုယ်တိုင်က စက်ရုံမှာ အလုပ်သမားဖြစ်နေတော့ ကျနော့်အောက်မှာ လူ ၅၀ ကျော် အလှည့်ကျဖြစ်အောင် ကိုယ့်နားလည်မှုနဲ့ လုပ်ရတာပေါ့။ တနင်္ဂနွေနေ့ကို အလုပ်ခိုင်းရင် ၂ ဆ ပေးရမယ်။ မပေးနိုင်ဘူး။ မင်းအဖွဲ့ထဲက လူ ၅၀ ထဲက ၄၀ အထိ ဆင်းပေးရမယ်။ မဆင်းရင် အလုပ်ဖြုတ်မယ်။ အလုပ်ဖြုတ်မယ်ဆိုတော့ ဆင်းပေးရတာပဲ။ နေ့စား ၃၃၀၊ အိုတီ ၁ နာရီ ၆၀ ရတယ်။ တင်ပြတောင်းဆိုရဲတာ တယောက်မှမရှိဘူး။ တင်ပြတောင်းဆိုတဲ့သူဆိုရင် ကျနော်ဆိုရင် တောင်းဆိုချင်တာပေါ့။ ကျနော်ပြောရင် အလုပ်ပြုတ်မယ်လေ။ ကျနော် အလုပ်ပြုတ်မခံရဲတော့ မပြောရဲဘူးပေါ့” လို့ ပြောပါတယ်။

ထိုင်းတောင်ပိုင်းက ရာဘာခြံတွေမှာ အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာလုပ်သားတွေကလည်း ဝင်ငွေ ပုံမှန် မရှိဘဲ အလုပ်မရှိတဲ့ မိုးရာသီကာလတွေမှာ အလုပ်လက်မဲ့ ဝင်ငွေမရှိဘူးလို့ ဆိုကြပါတယ်။

ဒါ့အပြင် ရာဘာခြံ လုပ်ငန်းလုပ်ကိုင်ကြသူ အများစုက အထောက်အထားအစုံအလင် မရှိတာကြောင့် စက်ရုံအလုပ်တွေမှာလည်း မလုပ်ကိုင်ရဲကြဘူးလို့ ပြောပါတယ်။

ရာဘာခြံ လုပ်သားတယောက်က “ပျမ်းမျှဝင်ငွေ ဘယ်လောက်ရှိသလဲဆိုရင် ၉၀၀၀၊ ၁ သောင်းပေါ့။ ဒါပေမဲ့ အဲဒါက ရာသီဥတုအပေါ် မူတည်တယ်။ ပြီးခဲ့တဲ့ တလလုံးလုံး၊ တလနဲ့ ၁၅ ရက်လောက်က မခြစ်ရဘူး။ မိုးရွာတော့လေ။ ၇ လပိုင်းကျော်ကျော်၊ ၈ လပိုင်း၊ ၉ လပိုင်း၊ ၁၂ လပိုင်းကျော်မှ ခြစ်ရတယ်။ နောက် သင်္ကြန်ပြီးမှ ပြန်ဖွင့်တာဆိုတော့ ခြစ်ရတဲ့အချိန်သိပ်မရှိဘူး။ ဒီရာဘာခြံ အလုပ်က ၁၀ လပိုင်း၊ ၁၁ လပိုင်းတွေမှာ မိုးလကျတော့ ခြစ်လို့ မရဘူး။ နားနေရတယ်။ ရတဲ့လစာလေးက စုဆောင်းထားတာ ကုန်သွားပြန်ရော။ အဲဒါဆို ဘာကြောင့်ရာဘာခြစ်လဲဆိုတော့ တချို့ကျတော့ ခိုင်လုံတဲ့ အထောက်အထား မရှိဘူးလေ။ မရှိတော့ စက်ရုံ အလုပ်ရုံတွေလည်း ဝင်လုပ်လို့ မရဘူး” လို့ ပြောပါတယ်။

ထိုင်းတောင်ပိုင်းက ဆုန်ခလာ၊ ပတ်တနီ၊ နရာသီဝပ်၊ ယလာ ခရိုင် ၄ ခုမှာ မြန်မာလုပ်သား ၂ သိန်းခွဲနဲ့ ၃ သိန်းကြားမှာရှိပြီး၊ အများစုက  ပင်လယ်စာငါးသေတ္တာစက်ရုံ၊ လှေလုပ်သား၊ ရာဘာခြံ၊ နွားခြံ၊ အထည်ချုပ်စက်ရုံ၊ ဆောက်လုပ်ရေး၊ ခြံတောင်ယာ စတဲ့ အထွေထွေလုပ်သားတွေအဖြစ် လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013