DVB Logo
Home
နိုင်ငံတကာ
မီရှီဂန်တွင် မီရှဲအိုဘားမား မဲဆွယ်၊ ထရမ့်ပ်က မွတ်စလင်မဲရရန် ကြိုးပမ်း
DVB
·
October 27, 2024
မီရှီဂန်တွင် မီရှဲအိုဘားမား မဲဆွယ်၊ ထရမ့်ပ်က မွတ်စလင်မဲရရန် ကြိုးပမ်း
Donate to DVB

အဆုံးအဖြတ် ပြည်နယ်တခုဖြစ်တဲ့ မီရှီဂန်မှာ ကမ်မလာဟားရစ်အတွက် မီရှဲအိုဘားမားက မဲဆွယ်ပေးနေသလို ဒေါ်နယ်ထရမ့်ပ်ကလည်း ပြည်နယ်တွင်းက မွတ်စလင် မဲဆန္ဒရှင်တွေကို မဲဆွယ်နေပါတယ်။ 

မီရှီဂန်မှာရှိတဲ့ အာရပ်အမေရိကန်တွေနဲ့ ဂါဇာမှာ အစ္စရေးတိုက်ခိုက်မှုတွေကို စိုးရိမ်နေကြတဲ့ မွတ်စလင်တွေ၊ အီးဗွီကားတွေကြောင့် အမေရိကန်ကားလုပ်ငန်းထိခိုက်မှာ စိုးရိမ်နေကြတဲ့ သမဂ္ဂလုပ်သားတွေရဲ့ မဲရဖို့ ထရမ့်ပ်နဲ့ ဟားရစ်တို့ အပြိုင်ကြိုးပမ်းနေတာဖြစ်ပါတယ်။

ပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဒက်ထရွိုက်ဟာ အမေရိကန်ကားထုတ်လုပ်မှုရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ ဒက်ထရွိုက်မှာ ဒေသခံမွတ်စလင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရအောင် သူလုပ်ပေးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒက်ထရွိုက်ဧရိယာနဲ့ နိုင်ငံတဝန်းစီးပွားရေးကျဆင်းမှုကို ပြောင်းပြန်လှန်ပစ်မယ်လို့လည်း ကားလုပ်ငန်းနယ်ပယ်က အလုပ်သမားတွေကို ထရမ့်ပ်က ပြောခဲ့ပါတယ်။ 

ထရမ့်ပ်ဟာ သူ့ပထမသမ္မတသက်တမ်းတုန်းက မွတ်စလင်နိုင်ငံကြီးတချို့က ရွှေ့ပြောင်း အခြေချမှုကို ပိတ်ပင်ခဲ့ဖူးပေမဲ့ ဘိုင်ဒင်နဲ့ ဟားရစ်ရဲ့ အစ္စရေးလုပ်ရပ်မှန်သမျှ ထောက်ခံပေးခဲ့မှုကို စိတ်ပျက်နေကြတဲ့ မွတ်စလင်အမေရိကန်အချို့က သူ့ကို ထောက်ခံလာကြပါတယ်။

မီရှီဂန် တောင်ပိုင်း ကာလာမာဇူးမြို့မှာတော့ ဟားရစ်က သူနဲ့ ထရမ့်ပ်ဟာ ကိုယ်ဝန်ဖျက်ချခွင့်၊ အခွန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒမှာ ဘယ်လိုကွာသလဲဆိုတာ ရှင်းလင်းခဲ့ပါတယ်။ 

သမ္မတဟောင်း ဘာရက်အိုဘားမားရဲ့ ဇနီးသည် မီရှဲအိုဘားမားကလည်း ဟားရစ်နဲ့အတူ မဲဆွယ်ပေးခဲ့ပြီး နှစ်ဦးရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်းကို ယှဉ်ပြခဲ့ပါတယ်။ 

ထရမ့်ပ်ရဲ့ လုံးလုံးလျားလျား အရည်အချင်းမပြည့်မီမှုကို မျက်ကွယ်ပြုပြီး ဟားရစ်ကိုကျ နေရာတိုင်း အကောင်းချည်းဖြစ်ဖို့ တောင်းဆိုနေတာလည်း မမျှတဘူးလို့ မီရှဲလ်က ထောက်ပြခဲ့ပါတယ်။ 

ဒါ့အပြင် အမျိုးသမီးကျန်းမာရေးနဲ့ အခွင့်အရေးနဲ့ပတ်သက်တဲ့ကိစ္စမှာ ထရမ့်ပ်ဟာ နားကိုမလည်ဘူးဆိုတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက်မှာမှ သမ္မတရွေးကောက်ပွဲကျင်းပမှာဖြစ်ပေမဲ့ တခြားပြည်နယ် အများအပြားလိုပဲ မီရှီဂန်မှာလည်း ကြိုတင်မဲပေးနေကြပြီ ဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013