DVB Logo
Home
မြန်မာသတင်း
YBS ကတ်စနစ် အပျက်များနေသဖြင့် ခရီးသွားများ အခက်တွေ့
DVB
·
October 26, 2024
YBS ကတ်စနစ် အပျက်များနေသဖြင့် ခရီးသွားများ အခက်တွေ့
Donate to DVB

ရန်ကုန်က YBS ယာဉ်တွေမှာ ကတ်နဲ့ ယာဉ်စီးခပေးချေတဲ့ စက်တွေပျက်နေတဲ့အတွက် ခရီးသွားပြည်သူတွေ အခက်တွေ့နေကြရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

YBS မော်တော်ယာဉ်တွေမှာ ကတ်စကန်ဖတ်တဲ့ စက်တွေဟာ ပျက်နေတဲ့အတွက် ကတ်နဲ့ ယာဉ်စီးခ ပေးချေနေသူတွေဟာ ငွေသားနဲ့ပဲ ငွေပေးချေနေကြရပြီး စကန်ဖတ်တဲ့ စက်တွေကိုလည်း မော်တော်ယာဉ်တွေက ပြင်ဆင်မှုမလုပ်ကြတာကြောင့် ကတ်ထဲမှာ ငွေဖြည့်သွင်းထားရတဲ့ ပြည်သူတွေ နစ်နာနေကြရတယ်လို့ ဆိုပါတယ်။

ပန်းဆိုးတန်းကို အလုပ်သွားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတယောက်က “ကတ်လုပ်ထားတယ်ဆိုတာ အကြွေအခက်အခဲကြောင့် လုပ်ထားတာ။ အခုဟာက စက်တွေပျက်နေတော့ အကြွေပြန်ရှာပြီး ကားခပေးနေရတယ်။ ငွေသားမကိုင်ချင်လို့ ကတ်ကို ဆောင်ထားတာ။ လိုင်းကားစီးရင် ခါးပိုက်အနှိုက်ခံရလွန်းလို့ လေးငါးထောင်လောက်ပဲ အိတ်ထဲထည့်ထားတာ။ ကားကြပ်တဲ့ အချိန်ကျရင် ကတ်ကဖြတ်မရ၊ အကြွေကမပါနဲ့ ကားခ ၄၀၀ ဆိုရင် ၅၀၀ တန်၊ ၁၀၀၀ တန်ထည့်ပြီး ပြန်အမ်းငွေ မရမခြင်း ရပ်စောင့်နေရတာ အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ကတ်ဖြတ်ဖို့ စက်တပ်ဆင်ထားတဲ့ မော်တော်ယာဉ်လိုင်းအချို့တော့ စက်ကောင်းပေမဲ့ ကတ်ဖြတ်လို့မရအောင် စက်ကို ပိတ်ထားတာတွေလည်း ရှိနေတာကြောင့် ခရီးသွားတွေအနေနဲ့ ငွေသားနဲ့သာ ပေးချေနေရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး YPS Card Call Center ဝန်ထမ်းတယောက်က “ကတ်ဖြတ်တဲ့စက်တွေ ပျက်နေတာဆိုရင် ယာဉ်မောင်းတွေဘက်က အကြောင်းကြားမှ ပြန်လည်ဆင်ပေးရတာပါ။ စက်ပျက်နေတာကို အကြောင်းကြားရင် ညီမတို့က ချက်ခြင်း ပြန်လည်ပြင်ဆင်ပေးပါတယ်။ ကားတိုင်းမှာ ကတ်စနစ်အဆင်ပြေစေဖို့ သက်ဆိုင်ရာဌာနတွေကို တင်ပြပေးသွားပါ့မယ်” လို့ ပြောပါတယ်။

YPS Card စနစ်ကို NLD အစိုးရလက်ထက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုအခါ ကတ်အသစ်ပြုလုပ်မယ်ဆိုရင် ကျပ် ၄၀၀၀ ကျသင့်ပြီး ငွေကတော့ စိတ်ကြိုက်ဖြည့်သွင်းနိုင်ကာ ကတ်စနစ်တပ်ဆင်ထားတဲ့ ယာဉ်လိုင်းတွေမှာ YPS ဝန်ထမ်းတွေက ငွေဖြည့်တဲ့ ဝန်ဆောင်မှုတွေပေးလျက်ရှိပါတယ်။

YBS ယာဉ်စီးခအတွက် ကတ်စနစ်တပ်ဆင်ထားတဲ့ ယာဉ်လိုင်းပေါင်း ၇၀ ကျော်ရှိပြီး ပုံသေယာဉ်စီးခ သတ်မှတ်ထားတဲ့ ယာဉ်လိုင်းနဲ့ ခရီးအကွာအဝေးလိုက် ကတ် ၂ ခါဖြတ်ရတဲ့ ယာဉ်လိုင်းတွေဆိုပြီး သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013