DVB Logo
Home
မြန်မာသတင်း
ငါန်းဇွန်မြို့နယ်တွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၊ ပုလဲရဲစခန်း လက်နက်ကြီးပစ်ခံရ
DVB
·
October 26, 2024
ငါန်းဇွန်မြို့နယ်တွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၊ ပုလဲရဲစခန်း လက်နက်ကြီးပစ်ခံရ
1 / 3
Donate to DVB

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်းကျေးရွာကို အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ ၅ ယောက် ဒဏ်ရာရပြီး စစ်ကိုင်းတိုင်း၊ ပုလဲမြို့က ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ငါန်းဇွန်မြို့နယ်၊ သားကျင်းကျေးရွာကို အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ယောက် ဒဏ်ရာရပြီး လူနေအိမ် ၃ လုံးလည်း ပျက်စီးလည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုတဲ့ ရွာခံတယောက်က “ရဟတ်ယာဉ်နဲ့ ၃ ခါပတ်ပစ်တာဗျာ။ ရွာက အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဒဏ်ရာရကြတယ်။ အိမ် ၃ လုံးလောက်လည်း ပျက်သွားတယ်။ ဒါပေမယ့် သူတို့ဘက်က ထပ်လာပစ်မှာစိုးလို့ ရွာကလူတွေတော့ ရှောင်တဲ့သူတွေ ရှောင်ကုန်ကြပြီ” လို့ ပြောပါတယ်။

ဒဏ်ရာရရှိခဲ့ကြသူတွေဟာ အသက် ၄၀ နဲ့ ၅၀ ဝန်းကျင်အရွယ်တွေဖြစ်ကြပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

သားကျင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြောင်းမဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “Mi 35 ပေါ်ကနေ စက်လတ်တွေနဲ့ တရစပ် ဆွဲသွားတာ။ အဲဒီရွာက တံတားဦးနဲ့နီးတော့ သူတို့ဘက်က ဘာသတင်းမှားရလို့ လာပစ်တာလဲ ဆိုတာတော့ မသိဘူးပေါ့လေ။ အပြစ်မဲ့တဲ့ပြည်သူတွေကို သက်သက်ဒုက္ခလိုက်ပေးနေတာပါ။ တကယ်တော့ အခုရက်ပိုင်း အဲဒီရွာအပါအဝင် ပတ်ချာလည်မှာတိုက်ပွဲဖြစ်တာမရှိဘူး” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ်က ငါန်းမြာကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူနဲ့ PDF ရဲဘော် ၁၅ ယောက် ထက်မနည်း သေဆုံးခဲ့ရပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့တွင်းက စစ်ကောင်စီအထိုင်ချနေတဲ့ ရဲစခန်းကို အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီလောက်ကနေ ၉ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းနဲ့ အနီးဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုလဲမြို့ဒေသခံ အမျိုးသမီးတယောက်က “အဲဒီနေ့က အပစ်ခံရတာဟုတ်တယ်။ အသေအပျောက်ကတော့ ဘာမှထူးထူးခြားခြားတော့ မတွေ့ရ၊ မကြားရဘူး။ ရဲတွေကတော့ မြို့ထဲမှာ သွားသွားလာလာပါပဲ။ တခုတော့ရှိတာပေါ့ ‌‌‌‌ စစ်တပ်က တပ်တွင်းသတင်းမှန်သမျှကို အရပ်သားတွေ အသိမခံဘူး။ ကိုယ်တွေလည်း ရဲစခန်းထဲတို့၊ ထွေအုပ်ရုံးထဲတို့  ဝင်ထွက်လို့မရတော့ တပ်တွင်း အတွင်းပိုင်းတော့ တိတိကျကျမသိရတာလည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၁၊ ကျားသစ်နက်တပ်မတော် Black Leopard Army အဖွဲ့က ပြုလုပ်တာလို့လည်း ပုလဲမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တွေဆီကနေ စုံစမ်းသိရှိရပါတယ်။

ကျားသစ်နက်တပ်မတော် အဖွဲ့တာဝန်ရှိသူ ကိုဥက္ကာက “အဲဒီပစ်ခတ်မှုကို ကျနော်တို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁၊ ကျားသစ်နက်တပ်မတော် Black Leopard Army အဖွဲ့က သွားပစ်ခဲ့တယ် ဆိုတဲ့သတင်းက ဟုတ်ပါတယ်။ ကျနော်တို့ တဖွဲ့တည်း လုပ်ဆောင်ခဲ့တာဗျ။ ပစ်တဲ့လက်နက်ကြီး အမျိုးအစားက ၈၀ မမတွေပါ။ ပစ်တဲ့အလုံးအရေအတွက်ကတော့ ၂၀ နဲ့ပစ်ခတ်ခဲ့တာပါ။ ကျနော်တို့ပစ်တဲ့အလုံးတိုင်းက ပုလဲရဲစခန်းထဲကိုကျတယ်။ သေဆုံးထိခိုက် သတင်းကတော့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။

ပုလဲမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ ဒေသတွင်း PDF တွေ တနေ့တခြား အင်အားကြီးထွားလာနေတာကြောင့် စစ်တပ်ဟာ မြေပြင်စစ်ကြောင်းထိုးတာတွေ မလုပ်နိုင်သလို မြို့နယ်အတွင်းက စစ်တပ်နဲ့ ပျူတွေအတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လေယာဉ်ပေါ်က ကြဲချပေးနေရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013