DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီသတ်မှတ်သည့် အခြေခံရည်ညွှန်းစပါးဈေး လယ်သမားများအတွက် အဆင်မပြေ 
DVB
·
October 26, 2024
စစ်ကောင်စီသတ်မှတ်သည့် အခြေခံရည်ညွှန်းစပါးဈေး လယ်သမားများအတွက် အဆင်မပြေ 
Donate to DVB

နွေစပါးရာသီအတွက် စစ်ကောင်စီက သတ်မှတ်ထုတ်ပြန်လိုက်တဲ့ အခြေခံရည်ညွှန်းစပါး ဈေး တင်း ၁၀၀ လျှင် ကျပ် ၉ သိန်းခွဲနှုန်းဟာတောင်သူတွေအတွက် တွက်ခြေမကိုက် အရှုံးပေါ်စေပြီး လယ်သမားတချို့ လယ်မလုပ်တော့ဘဲ ရောင်းစားတာတွေရှိနေပါတယ်။

လက်ရှိ ၂၀၂၄ မိုးစပါးနဲ့ ၂၀၂၅ နွေစပါးရာသီအတွက် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအဖြစ်   ဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး အစိုဓာတ် ၁၄ မှတ်ရှိတဲ့ သန့်စင်ပြီး စပါးဈေးကို စပါးတင်း ၁၀၀ လျှင် ကျပ် ၉ သိန်းခွဲနှုန်းနဲ့ စစ်ကောင်စီလက်အောက်ခံ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က  အောက်တိုဘာ ၂၁ ရက်က  သတ်မှတ် ထုတ်ပြန်ခဲ့တာပါ။

လတ်တလော စပါးတင်း ၁၀၀  ထုတ်လုပ်မှုကုန်ကျစရိတ်တွေနဲ့ စပါးအထွက်နှုန်းနဲ့ နှိုင်းယှဥ်မယ်ဆိုရင် လယ်သမားအရှုံးပေါ်တဲ့ဈေးတွေဖြစ်နေတဲ့အတွက် လယ်သမားတွေအနေနဲ့ လယ်မစိုက်ကြတော့ဘဲ လယ်ကိုပြန်အပ်ကြဖို့ လယ်သမားတွေက ပြောပါတယ်။

လယ်သမားတယောက်က “ဘာလုပ်လို့ရမှာလဲ။ ဆင့်ပါးစပ်နှမ်းပက်သလိုဖြစ်နေမှာပေါ့။ လယ်တွေသာ ပြန်ပြီးတော့ ပေးလိုက်တော့မယ်။ ကျနော်တို့ ကုန်ကျစရိတ်တောင်မှ  ၉ သိန်းခွဲလောက်ရှိတာ။ ၉ သိန်းနဲ့ ၁၀၀ နှုန်းထွက်မှနော်။ အဲ့ဒါ စပါး ၁၀၀ နှုန်းထွက်မှ အရင်းပဲရှိသေးတယ်။ အခုက ထွက်တာမှ  ၁၀ တင်း၊ ၁၅ တင်း၊ ၃၀ လောက်ထွက်တယ်ဆိုရင် လယ်တွေပြန်ပြီးတော့၊ ဒါကြောင့်တချို့ နေရာတွေ လယ်မလုပ်ကြတော့ဘူး။ လယ်ရောင်းတဲ့သူတွေပေါလာပြီ။ မလုပ်ချင်ကြတော့ဘူး။ စစ်ကောင်စီသတ်မှတ်လိုက်တဲ့ ရည်ညွှန်းဈေးက ပြင်ပဈေးကွက်မှာ စပါးတင်း ၁၀၀ ပေါက်ဈေး ကျပ် ၉ သိန်းခွဲအောက်ကျလာရင် အဲ့ဒီဈေးနဲ့ ပြန်ဝယ်မယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်”လို့ ပြောပါတယ်။ 

မြန်မာ့ ဆန်စပါးဟာ နှစ်စဥ်တန်ချိန် ၂ သန်းခွဲလောက်ပြည်ပကိုတင်ပို့ရောင်းချနေတာဖြစ်ပြီး စစ်ကောင်စီအတွက် နိုင်ငံခြားငွေ ဒေါ်လာငွေ ရှာဖွေပေးနေတဲ့ ထုတ်ကုန်တခုလည်းဖြစ်ပါတယ်။ 

အဲ့ဒီစပါးတွေပေါ်လာတဲ့အခါမှာ ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်မပြုဘဲ သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့သာဝယ်ယူကြဖို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ စာတွေထွက်ခဲ့ပြီး ဒေါ်လာငွေနဲ့ပေးဝယ်ရတဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးအစရှိတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေကိုတော့ သတ်မှတ်ဈေးနဲ့ရောင်းချနိုင်တာ မရှိတဲ့အတွက် လယ်သမားတွေမှာ နစ်နာနေကြရတာဖြစ်ပါတယ်။

ဒါကြောင့် မိုးစပါးတစ်ဧကမှာ စပါးတင်း ၁၀၀  မထွက်ကြတဲ့အပြင် သဘာဝဘေးဒဏ်၊ ပိုးမွှားနဲ့ ရောဂါဒဏ်၊ ရေမြှုပ်ပျက်စီးတဲ့ဒဏ်တွေကြောင့် တောင်သူတွေမှာ စိုက်ပျိုးသမျှမဖြစ်ထွန်းပဲ အပျက်အစီးအဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ စပါးတင်း ၁၀၀ ကို သတ်မှတ်လိုက်တဲ့ အခြေခံရည်ညွှန်းဈေးက တောင်သူတွေအတွက်မျှတမှုမရှိဘူးလို့ ပြောဆိုလိုက်ကြတာ ဖြစ်ပါတယ်။

တောင်သူလယ်သမားတဦးက “ဒါကြီးကတော့ တအားကြီးမမျှတဘူး။ ကျနော်တို့ ဝယ်သုံးရတဲ့ သွင်းအားစုဈေးတွေကျတော့ နိုင်ငံတော်အစိုးရကသတ်မှတ်ပေမဲ့ တကယ်တမ်းမြေပြင်မှာ ဝယ်နေရတာတွေက အဲ့ဈေးတွေနဲ့ သူတို့သတ်မှတ်ဈေးတွေနဲ့ တခုမှာ ဝယ်လို့မရတာ။ မြေဆီဈေး သူတို့သတ်မှတ်တယ်ဗျာ၊ ၁၅ ပတ်လည်မှ တစ်သိန်းလေးသောင်းခွဲ၊ တစ်သိန်းငါးသောင်း။ အပြင်မှာ တကယ်ဝယ်သုံးရင် အဲ့မြေဆီတစ်အိတ်ကို ၂ သိန်းကျော်၊ နှစ်သိန်းခွဲရှိတယ်။ အဖြူ ၄၆ တအိတ်ကို သူတို့သတ်မှတ်တာ ၇၂၀၀၀၊ ၇၅၀၀၀။ ကျနော်တို့အပြင်မှာ ဝယ်ရတာ ဝယ်ရတာ တစ်သိန်းနှစ်သောင်း၊ တစ်သိန်းသုံးသောင်း ဝယ်ရတယ်။ အဲ့သတ်မှတ်ဈေးတွေကျတော့ သူတို့က ကျအောင်မလုပ်နိုင်ပဲနဲ့ ကျနော်တို့ လယ်သမားရဲ့ ထွက်ကုန်ဖြစ်တဲ့ စပါးဈေးကို သတ်မှတ်ပြီးတော့ ချမယ်ဆိုရင် ကျနော်တို့လယ်သမားတွေကတော့နာလန်မထူနိုင်ဘူး”လို့ ပြောပါတယ်။ 

လယ်ယာလုပ်သားရှားပါးတဲ့အတွက် လုပ်သားစရိတ်တွေဈေးမြင့်လာသလို စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးတဲ့နောက် ရွာထဲမှာ ကင်းတွေစောင့်ရတဲ့အခါ လယ်ထဲဆင်းနေရတဲ့ အသက် ၇၀ တန်း လူကြီးတွေမှာ ပိုပြီး အဆင်မပြေဖြစ်ရတယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်ထဲက ကျေးရွာသားတယောက်က ပြောပါတယ်။

“အခုစစ်မှုထမ်းဥပဒေထုတ်တော့ပိုဆိုးတယ်။ ပိုပြီးတော့လယ်သမားတွေက ဒေါသတွေထွက် တယ်။ မရှိရတဲ့ကြားထဲ လယ်ထဲမှာ အလုပ်သမားက ငှားလို့မရတာတဘက်၊ ညဘက်အဘွားကြီးတွေလည်း စောင့်ရတာ၊ ၆၀၊ ၇၀ တွေလည်းစောင့်ရတာ။ လူငယ်တွေကမရှိဘူး။ ခြင်တွေကကိုက်၊ ညဘက်ကျ ခြင်တွေကမတရားကိုက်တာ။ စိတ်ညစ်တာပေါ့။ မရှိရတာ တမျိးပူရ၊ ဒီဟာကြီးကတမျိုး။ တကယ်လို့ လူမတွေ့ရင်လည်းအရိုက်ခံ၊ အနှက်ခံရဦးမှာလေ။ လူတွေကတော်တော်စိတ်ပျက်လာတာ။”

မြန်မာနိုင်ငံမှာ မိုးစပါးနဲ့ နွေစပါးနှစ်ရာသီပေါင်း ဧက ၁၇ သန်းလောက်စိုက်ပျိုးထုတ်လုပ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ တောင်သူတွေအကျိုးအမြတ်နည်းတဲ့အတွက် အရင်းအနှီး စိုက်ထုတ်နိုင်တာမရှိပဲ စိုက်ဧကချင်းသိပ်မကွာတဲ့ ထိုင်းနိုင်ငံကို  စပါးအရည်အသွေးနဲ့ အထွက်နှုန်းအပြင် ပြည်ပတင်ပို့တဲ့ ပမာဏချင်းပါ မယှဥ်နိုင်အောင် ကွာခြားနေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013