DVB Logo
Home
မြန်မာသတင်း
အရှေ့ဒဂုံရှိ ရေဘေးသင့်ပြည်သူ ၂,၂၀၀ ကျော် အရပ်ဘက်အလှူရှင်ကို အားကိုးနေ
DVB
·
October 25, 2024
အရှေ့ဒဂုံရှိ ရေဘေးသင့်ပြည်သူ ၂,၂၀၀ ကျော် အရပ်ဘက်အလှူရှင်ကို အားကိုးနေ
Donate to DVB

ရန်ကုန်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာ အောက်တိုဘာလအတွင်း ၃ ရက်တာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ လူ ၂,၂၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ‌စားသောက်ရေးအတွက် အရပ်ဘက် အလှူရှင်တွေကိုသာ အားထားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အရှေ့ဒဂုံမြို့နယ်မှာ ရပ်ကွက်ပေါင်း ၂၈ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၃ ခုရှိပြီး အဲဒီထဲက ၁၁၈၊ ၁၁၉၊ ၆၊ ၁၁၊ ၁၃၊ ၁၄၊ ၁၅ စတဲ့ ရပ်ကွက် ၇ ခုမှာ နေအိမ်တွေထဲ ရေဝင်ရောက်ခဲ့တာပါ။

ရေဝင်ရပ်ကွက် ၇ ခုက အိမ်ထောင်စု ၇၅၀၊ ခန့်မှန်းလူဦးရေ ၂,၂၀၀ ကျော်အတွက် ရန်ကုန်အခြေစိုက် အရပ်ဘက်လူမှုကူညီရေးအသင်းတွေက ထမင်းဘူးနဲ့ သောက်ရေသန့်တွေ အရေးပေါ် စီစဉ်ခဲ့ရပြီး မနက်တကြိမ်၊ ညတကြိမ် လိုက်လံဝေမျှပေးနေပါတယ်။

မြို့ခံတယောက်က “၂၁ ရက်ညက ရေစတက်တာ။ ၂၂၊ ၂၃ အထိ ပြန်မကျဘူး။ စစချင်းဆိုတော့ အခါတွင်း (၇ လပိုင်း) တုန်းကလို ဖြစ်မှာစိုးလို့ ရွှေ့သွားကြတာ။ ဓမ္မာရုံမှာ ယာယီနေတယ်။ တချို့ကလည်း အိမ်ထဲ ဆင့်ထိုးပြီး အခင်းနဲ့နေတာပဲ။ စားရေးသောက်ရေးက ချက်ဖို့ နေရာမရှိဘူး။ မီးလည်းပျက်နေတော့ လာလှူတဲ့သူရှိမှ စားရတာ။ ထမင်းဘူး၊ ခေါက်ဆွဲထုပ်တွေ လာပေးကြပါတယ်။ သူတို့လည်း မနက်တခါ ညနေတခါပဲ လာကြတာ” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်ကစလို့ ရေကျသွားပေမဲ့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ၁၁၈ ရပ်ကွက်နဲ့ ၁၁၉ ရပ်ကွက်မှာ တက်လာတဲ့ရေ ဒူးဆစ်လောက်အထိ ရှိနေပါသေးတယ်။

ထမင်းဘူးအလှူရှင်တယောက်က “စစချင်းနေ့က စာရင်းရထားတာ အိမ်ထောင်စု ၇၅၀။ တကယ်တမ်းဝေတော့ လိုအပ်တာက ဒီထက်ပိုများနေတာ။ ဒဂုံဆိပ်ကမ်းဘက်က ရပ်ကွက်တွေပါ ပါတယ်။ နေရာတွေက ဆက်နေတော့ ထမင်းဘူး ပိုများသွားတာ။ ဝေတာက ထမင်း၊ ရေ၊ ခေါက်ဆွဲခြောက်ထုပ်ပဲ။ ၂၂ ရက်နေ့ကနေ ၂၆ ရက်လောက်အထိ ၅ ရက်စာလောက်တော့ ထပ်ဝေဖို့ ရှိပါတယ်။ ရေကတော့ ပြန်ကျသွားပေမဲ့ စားရေးသောက်ရေး အဆင်မပြေသေးသူတွေ အတွက်ပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်နဲ့ ဩဂုတ်လထဲမှာလည်း အရှေ့ဒဂုံမြို့နယ်ထဲက ရပ်ကွက် ၁၀ ခုထက်မနည်း ရေဝင်ရောက်ခဲ့ပြီး အိမ်ထောင်စု ၃,၀၀၀ ကျော်၊ ရေဘေးသင့်သူ အရေအတွက် ၁၀,၀၀၀ နီးပါးအထိရှိခဲ့ကာ နီးစပ်ရာ ယာယီစခန်း‌တွေမှာ ၁၅ ရက်လောက် နေထိုင်ခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013