DVB Logo
Home
Lead Story
စိတ်ဓာတ်ကို အရင်းတည် စည်းလုံးခြင်းမှ တရားမျှတမှုဆီ
DVB
·
October 25, 2024
စိတ်ဓာတ်ကို အရင်းတည် စည်းလုံးခြင်းမှ တရားမျှတမှုဆီ
Donate to DVB

အာဏာလု စစ်အုပ်စုသည် စစ်ရေးရှုံးနိမ့်မှု၊ နယ်မြေများ လက်လွှတ်ဆုံးရှုံးရမှုကို ခါးခါးသီးသီး ရှက်ရွံ့ကာ မခံမရပ်နိုင်အောင် ဖြစ်နေသည်မှာ ထင်ရှားလှပါသည်။

ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး အာဏာရူးခဲ့သဖြင့် ထိုသို့ အရှက်တကွဲ ရှုံးနိမ့်မှုများ ရင်ဆိုင်နေရခြင်း ဖြစ်သော်လည်း စစ်အုပ်စုသည် သူတို့၏အပြစ်ကို ပြည်သူများအပေါ် ပြန်လည်လွှဲချကာ အလွန်ယုတ်မာသော နည်းလမ်းများကို အသုံးပြုပြီး တွန်းလှန်မှုများကို ဖိနှိပ်ရန် ကြံရွယ်လာကြပြီဖြစ်သည်။

၎င်းတို့ လက်လွှတ်ခဲ့ရသော နယ်မြေများနှင့် ခုခံတွန်းလှန်မှု အားကောင်းသော နယ်မြေများရှိ ပြည်သူလူထုနေထိုင်ရာ ကျေးရွာ၊ လူနေရပ်ကွက်၊ ကျောင်း၊ ဆေးရုံတို့ကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ပြီးလည်း တိုးမြှင့်လုပ်ဆောင်လာဖွယ်ရှိသဖြင့် ပြည်သူလူထုအနေနှင့် လေကြောင်းရန် ရှောင်ရှားရေးကို အထူးသတိထား ပြင်ဆင်ထားသင့်ပြီဖြစ်သည်။

နယ်မြေအသီးသီးရှိ တော်လှန်ရေးတပ်ဖွဲ့များ အနေနှင့်လည်း ပြည်သူလူထုအား လေကြောင်းရန်မှ ရှောင်ရှားနိုင်ရန်၊ အထိခိုက်နည်းရန် လိုအပ်သည့် ပညာပေးလုပ်ငန်းများ လေ့ကျင့်ပေးမှုများကို အင်တိုက်အားတိုက် လုပ်ဆောင်သင့်သောအချိန်ပင် ဖြစ်သည်။

တော်လှန်ရေး၏ ရေချိန်မြင့်လာသည်နှင့်အမျှ စစ်အုပ်စု၏ မစားရသည့်အမဲ သဲနဲ့ပက်သည့် ယုတ်ညံ့ အောက်တန်းကျသော ဗျူဟာ၏ နောက်ကွယ်တွင် ပြည်သူတို့အား အကြောက်တရား ဖြန့်ဝေခြင်း၊ တော်လှန်ရေးအပေါ် ငြိုငြင်စေရန် သွယ်ဝိုက်ဖိအားပေးခြင်း သဘောတရားများ ပါနေသည်ကိုလည်း အထူးသတိထားရမည်ဖြစ်သည်။ သွေးကွဲရင် ခွေးဆွဲလိမ့်မည်။

ထို့ကြောင့် ပြည်သူလူထု အထိခိုက်နည်းရေး၊ ပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့များ တသားတည်း မြဲမြဲရပ်တည်နိုင်ရေးကို အထူးဂရုပြု ကြိုးစားရမည်ဖြစ်သည်။

လေကြောင်းရန်ကာကွယ်ရေး စီမံချက်များမှ ထိရောက်လွယ်ကူသည့် နည်လမ်းများဖြစ်သော လေကြောင်းကြိုတင်အသိပေး တပ်လှန့်ခြင်း၊ ဗုံးခိုကျင်းများ ထားရှိခြင်း၊ ကြိုတင်အချက်ပေးသံ ကြားသည်နှင့် ဗုံးခိုကျင်းများအတွင်း အချိန်မီတိမ်းရှောင်ရန် လေ့ကျင့်ပေးခြင်း စသောနည်းများသည် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်မှုကို သိသိသာသာ လျှော့ချနိုင်သော နည်းလမ်းများဖြစ်သဖြင့် အထူးလေ့ကျင့်ရန် လိုအပ်လှပါသည်။

ထိုနည်းလမ်းများမှာ ကျေးရွာအဆင့်အထိ ဒေသအလိုက် အဆင်ပြေကိုက်ညီအောင် စီစဉ်နိုင်သော နည်းလမ်းများဖြစ်သည်။

နိုင်ငံတဝန်း လေယာဉ်ကွင်းအသီးသီးမှ လေယာဉ်တက်ချိန်နှင့် ဒေသအသီးသီးသို့ ရောက်ရှိရန် ကြာချိန်များကို ဖြန့်ဝေထားသည့် စာစောင်များ ရှိနှင့်ပြီးဖြစ်ရာ ရန်သူ့လေယာဉ် တက်လာသည်နှင့် နယ်မြေအလိုက် အဆင့်ဆင့် အကြောင်းကြားနိုင်သော ဆယ်သွယ်ရေးစနစ်များ စီစဉ်ထားရန်သာ လိုအပ်ပေသည်။

ထိုသို့ ပြည်သူနှင့် ပြည်သူ့သားကောင်း တော်လှန်ရေးတပ်ဖွဲ့များ လက်တွဲညီညီ ချိတ်ဆက် ရင်ဆိုင်လျှင် ရန်သူ့ယုတ်မာမှုအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်သည်။

ထို့အတူ ရန်သူ့လေယာဉ်များကို လေပြင်၊ မြေပြင် အသီးသီးတွင် တန်ပြန်တိုက်ခိုက်နိုင်ရေးကို ဆောင်ရွက်နိုင်ရန် တော်လှန်ရေး ဦးဆောင်အဖွဲ့များအနေနှင့် သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေး၊ မဟာဗျူဟာ၊ နည်းဗျူဟာ နည်းလမ်းစုံဖြင့် အားကုန်သုံးကာ ကြိုးစားရမည့်အချိန်လည်း ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ စစ်အုပ်စု၏ အောက်တန်းစား ယုတ်ညံ့မှုများကို ပြည်သူအပေါင်းတို့ လက်တွဲညီညီဖြင့် ရင်ဆိုင်ဖြတ်ကျော်ပြီးလျှင် မြန်မာပြည်သူတရပ်လုံး မျှော်လင့်တောင့်တလျက် ရှိသော စစ်အုပ်စု၏ ကျဆုံးခန်းသည် အလျင်အမြန်ပင် ရောက်ရှိလာမည်ဖြစ်သည်။

ထိုအခါ လူသားမျိုးနွယ်အပေါ် ရက်ရက်စက်စက် ပြစ်မှုကျူးလွန်ခဲ့ကြသော စစ်အုပ်စုနှင့် လက်အောက်ခံအားလုံးထံမှ တရားမျှတမှုကို တရားမျှတမှုရှိရှိ ပြန်လည်တောင်းယူနိုင်မည် ဖြစ်ပေသည်။

ညိုသူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013