DVB Logo
Home
မြန်မာသတင်း
KNLA ဗဟိုဌာနချုပ်အနီး ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ဘားအံ၊ လှိုင်းဘွဲ လုံခြုံရေးတင်းကျပ်
DVB
·
October 24, 2024
KNLA ဗဟိုဌာနချုပ်အနီး ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် ဘားအံ၊ လှိုင်းဘွဲ လုံခြုံရေးတင်းကျပ်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA ဗဟိုဌာနချုပ်အနီးက ကျေးရွာတွေကို ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဘားအံ၊ လှိုင်းဘွဲ မြို့ဝင်မြို့ထွက်နဲ့ လှိုင်းဘွဲ-ရှမ်းရွာသစ် လမ်းပိုင်းကို စစ်ကောင်စီပူးပေါင်းတပ်တွေက လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးနေပါတယ်။

အောက်တိုဘာ ၂၂ ရက် မနက် ၁၀ နာရီက လှိုင်းဘွဲမြို့နယ်၊ KNU တပ်မဟာ ၇ နယ်မြေ၊  ဗဟိုဌာနချုပ်အနီးက သစ်ဗစ်ထ၊ ရှမ်းရွာသစ်၊ ပလေ့ကျေးထ၊ တရေဖိုးကွီးနဲ့ ပရေကျေး KNLA လုံခြုံရေးဂိတ်ကို  အသေခံဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရမှုအပြီး အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းကစတင်ပြီး  ကရင်ပြည်နယ်၊  ဘားအံမြို့နဲ့ လှိုင်းဘွဲမြို့ အဝင်နဲ့ လှိုင်းဘွဲ-ရှမ်းရွာသစ် လမ်းပိုင်းကို စစ်ကောင်စီတပ်၊ ရဲနဲ့ BGF ပူးပေါင်းတပ်ဖွဲ့တွေက လုံခြုံရေး တင်းကျပ် တားဆီးစစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က လုံခြုံရေး တင်းကျပ်လိုက်တာဟာ သူ့အမှားကို သူသိပြီး တဖက်က လက်တုံ့ပြန်လာမှာကို ကြောက်နေတာလို့ ကရင်ပြည်နယ်၊ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

စစ်ရေးလေ့လာစောင့်ကြည့်သူတယောက်က “စစ်ကောင်စီက သူများကို အရင်သွားလုပ်ပြီးမှ  လုံခြုံရေး တင်းကျပ်တယ် ဆိုတာက ဒါက သူ့ကိုယ်သူ လိပ်ပြာမလုံတာလည်း ဟုတ်သလို သူရဲ့အမှားကိုလည်း သူ သိနေတယ်၊ ဆိုတာမျိုး ပါးစပ်ကထုတ်မပြောဘဲ သူ့ရဲ့အမူအရာနဲ့ ပြလိုက်တာပဲ။ ပြောချင်တာက သူ့အမှားကို သူသိသွားပြီးတော့ တဖက်က လက်တုံ့ပြန်လာမှာကို ကြောက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အခုလို လုံခြုံရေးတင်းကျပ်တာဟာ ပြည်သူကိုပဲ ပြန်ပြီး စိတ်အနှောင့်အယှက်နဲ့ စိတ်ဒုက္ခပေးတာလို့ လှိုင်းဘွဲမြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“အမှန်မှာတော့ ကျမတို့အမြင်မှာတော့ (စိတ်)မလုံတာလို့ပဲ မြင်တယ်။ သူ(စစ်ကောင်စီ) လုပ်နေကျပဲလေ။ ဒီလိုမျိုးလုပ်ပြီးရင် သူတို့က ခိုးကြောင်ခိုးဝှက်ပုံစံ လုပ်မယ်။ ပြည်သူကိုပဲ ပြန်ပြီး စိတ်အနှောင့်အယှက်လည်း ပေးတယ်။ ပြီးရင် ပိတ်ဆို့တာတို့ ဘာတို့ လူတွေကို စိတ်ဒုက္ခပေးတာလည်း ပါတယ်။ သူကိုယ်တိုင်ကလည်း အင်အားအလုံအလောက်ရှိတာလည်း မဟုတ်ဘူးလေ။ သူအင်အားမရှိတဲ့အပေါ်မှာ လိုက်လုပ်တာ။ ပြီးလို့ရှိရင် အပေါ်ကနေ  ကြဲတယ်။”

ဒရုန်းဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် KNLA တပ်ဖွဲ့ဝင်တယောက် ထိခိုက်ဒဏ်ရာရရှိပြီး ဒေသခံ ကလေးမိခင်နဲ့ ဒေသခံတချို့ သောင်ရင်းမြစ်ကို ဖြတ်သန်းကာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက “ကျနော်တို့သိတာ ပတ်ဝန်းကျင်ကပါပဲ။ ဒီနားမှာ သူတို့စခန်းတွေရှိတယ်။ အဲဒီကနေ လာတာပဲ။ မြောက်ဘက်စခန်း၊ တောင်ဘက်စခန်း၊ အနောက်ဘက်စခန်း ဒါတွေပဲရှိမယ်။ ဘာရည်ရွယ်ချက်ဆိုတာ ခန့်မှန်းလို့ကို မရဘူး။  အခု ကျနော်တို့ လိုက်နေတယ်။ ကျနော်တို့ လူတွေကလည်း  အစအနတွေကို ကြည့်တာတော့ အဝေးကြီးသွားတဲ့ ဒရုန်းတွေ မဟုတ်ပါဘူး။ သူ့ဟာက ကောင်းကင်ပဲရှိသေးတယ်။ မြေပြင်က စစ်ကြောင်းလှုပ်ရှားတာ မရှိသေးဘူး။ ကျနော်တို့လည်း ပြင်ဆင်မှုတွေရှိတယ်” လို့ ပြောပါတယ်။

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၇ ကလွဲရင် ကျန်နယ်မြေတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KNLA ပူးပေါင်းစစ်ကြောင်းတွေက သိမ်းပိုက်ရရှိထားတဲ့အပြင် တပ်စခန်းတွေကို ဆက်လက်ပိတ်ဆို့ တိုက်ခိုက်နေတာတွေ ရှိပါတယ်။

ဒါ့အပြင် တပ်မဟာ ၇ နယ်မြေအတွင်း ပထမဆုံးအကြိမ် အသေခံဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေက  စိုးရိမ်နေကြပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013