DVB Logo
Home
မြန်မာသတင်း
PNA ပြည်သူ့စစ် အင်အားများလာမှုက စစ်အာဏာရှင် တော်လှန်ရေးအတွက် အဟန့်အတားဖြစ်
DVB
·
October 24, 2024
PNA ပြည်သူ့စစ် အင်အားများလာမှုက စစ်အာဏာရှင် တော်လှန်ရေးအတွက် အဟန့်အတားဖြစ်
Donate to DVB

ဦးအောင်ခမ်းထီ ခေါင်းဆောင်တဲ့  ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ပြည်သူ့စစ်အဖွဲ့ အင်အားများလာတာဟာ စစ်အာဏာရှင်တော်လှန်ရေးအတွက် အဟန့်အတားတခု ဖြစ်စေတယ်လို့ ပအိုဝ်းနိုင်ငံရေးအသိုက်အဝန်းနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

PNA ပြည်သူ့စစ်အဖွဲ့ဟာ အရွယ်ရောက်ပြီးတဲ့ ပအိုဝ်းအမျိုးသားတိုင်း စစ်သင်တန်းတက်ရမယ် ဆိုတဲ့ စေခိုင်းချက်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကူအညီနဲ့ စစ်အင်အား တိုးချဲ့နေသလို ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ တခုကို စစ်သည်အင်အား ၂၀,၀၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပါတယ်။

PNA ရဲ့ လူသစ်စုဆောင်းမှုတွေထဲမှာ ဦးအောင်ခမ်းထီရဲ့ ဘာသာရေးအရ လွှမ်းမိုးထားမှုအပေါ် နာခံလိုကြတဲ့ ပအိုဝ်းပြည်သူတွေ ပါသလို အများစုကတော့ စစ်ထဲ မဝင်လိုတာကြောင့် PNA တပ်သားသစ်အဖြစ် စုဆောင်းတာကို လက်ခံလိုက်ကြတဲ့သူတွေလည်း ရှိပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ဖြစ်တယ်ဆိုတာ သိရှိနားလည်ခြင်း မရှိတဲ့ ပအိုဝ်းပြည်သူတွေကို လိမ်လည်စည်းရုံးပြီး စစ်အင်အား တိုးချဲ့နေတာဟာ စစ်အာဏာရှင် တော်လှန်ရေးအတွက် အဟန့်အတားဖြစ်စေသလို ပအိုဝ်းလူထုရဲ့ သဘောဆန္ဒနဲ့လည်း ထပ်တူကျမနေတာကြောင့် တပ်ဖွဲ့အတွင်း ပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် တချို့နဲ့ ပအိုဝ်းနိုင်ငံရေး အသိုက်အဝန်းက သုံးသပ် ပြောဆိုပါတယ်။

ပအိုဝ်းအရေး ကျွမ်းကျင်သူ ခွန်သောမတ်စ်က “အခုတိုးချဲ့လာနေတဲ့ PNA ရဲ့ စစ်အင်အားဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းဖို့ ကြိုးစားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေအတွက် စိုးရိမ်မကင်း ဖြစ်စေသလို လူထုအင်အားကိုသုံးပြီး တော်လှန်ရေးအပေါ် ခြိမ်းခြောက်မှု လုပ်နေတာ” လို့ ပြောပါတယ်။

PNA တပ်ဖွဲ့ဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တင်အင်အားတိုးချဲ့လာတာ မဟုတ်ဘဲ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းပြီး ကရင်နီပြည်နယ်ထဲက တော်လှန်ရေးအင်အားစုတွေကိုပါ ပူးပေါင်း တိုက်ခိုက်နေတာလို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက သူတို့လက်လွှတ်ထားရတဲ့ လွိုင်ကော်မြို့က နေရာတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် PNA တပ်ဖွဲ့က ဆီဆိုင်ကနေ လွိုင်ကော်အထိ စစ်ဆင်ရေး နယ်မြေတွေမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အတွက် စစ်သားအဖြစ် သတ်မှတ်ခံထားရတဲ့သူတွေဟာ လစာထောက်ပံ့ကြေး တစုံတရာ ရရှိခြင်းမရှိသလို စစ်ယူနီဖောင်းအတွက်လည်း ကိုယ့်စရိတ်နဲ့ကိုယ် ဝတ်ဆင်ကြရတာဖြစ်ပြီး လက်နက်ကိုင်ထားတဲ့ PNA ရဲ့ စစ်အင်အားက ၅,၀၀၀ နီးပါးပဲရှိတယ်လို့ အမည်မဖော်လိုတဲ့ တိုင်းရင်းသားခေါင်းဆောင်တယောက်က ပြောပါတယ်။

လက်ရှိမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ပအိုဝ်းလူမျိုးတွေ နေထိုင်တဲ့ ရွာတိုင်းက လူ ၅ ယောက်ဟာ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) မှာ အမြဲတမ်းတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ အမိန့်လည်း ထုတ်ပြန်ထားတယ်လို့ ပအိုဝ်းဒေသခံတွေက ဆိုပါတယ်။

PNA ဘက်ကတော့ သူတို့အနေနဲ့ အခုလို အဓမ္မ လူသစ်စုဆောင်းနေတာ မရှိဘူးလို့ ငြင်းဆိုသလို ပအိုဝ်းဒေသ တည်ငြိမ်ရေးအတွက် စစ်သင်တန်းပေးနေတာလို့ အဲဒီအဖွဲ့ ပြောခွင့်ရသူတွေက ပြောပါတယ်။

PNA ဟာ ၁၉၉၁ မှာ စစ်တပ်နဲ့ အပစ်ရပ် လက်မှတ်ထိုးခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အသွင် ပြောင်းလဲခဲ့ပြီး နိုင်ငံရေးပါတီ တည်ထောင်ကာ အထွေထွေရွေးကောက်ပွဲတွေမှာ ဝင်ရောက်ရွေးခံခဲ့ပါတယ်။

အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013