
မန္တလေး-ရွှေဘိုကားလမ်းပေါ်က ရွှေဘို-ဝက်လက်-ဆားတောင်လမ်းပိုင်းကို အောက်တိုဘာ ၂၃ ရက်ကစပြီး ညပိုင်းသွားလာခွင့် ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ခံတယောက်က “ခရီးသွားပြည်သူတွေ အနေနဲ့ ရွှေဘို-ဝက်လက်-ဆားတောင် ကားလမ်းပိုင်းကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အသုံးမပြုကြဖို့ သတိပေး ထုတ်ပြန်လိုက်တာပါ” လို့ DVB ကို ပြောပါတယ်။
မန္တလေး-ရွှေဘိုကားလမ်းပေါ်က ရွှေဘို-ဝက်လက်-ဆားတောင်လမ်းပိုင်းမှာ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ညပိုင်းတွေမှာ ခရီးသွားပြည်သူတွေရဲ့ မော်တော်ယာဥ်တွေကို အကာအကွယ် ယူပြီး စစ်အားအင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်နေတာဖြစ်လို့ အခုလို တားမြစ်ထုတ်ပြန်ရတာလို့ ဆိုပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “ဒီလမ်းပိုင်းကို ညပိုင်းမှာ စစ်တပ်ဘက်က အသုံးပြုနေတာကြောင့် စစ်ရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါ ပြည်သူတွေ ထိခိုက်မှုမရှိရအောင် အခုလိုထုတ်ပြန်လိုက်တာဖြစ်လို့ ပြည်သူတွေအနေနဲ့ အလေးထား လိုက်နာပေးကြဖို့ တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။
ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း လိုက်နာမှုမရှိသူတွေအနေနဲ့ စစ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ထိခိုက်မှု တစုံတရာ ဖြစ်ပေါ်လာပါက တာဝန်ယူမှာ မဟုတ်သလို အချိန်မရွေး ပြန်လည်အသုံးပြုနိုင်မယ့် အချိန်ကို ထပ်မံကြေညာပေးမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက် မနက်ကလည်း ဆားတောင်ရဲစခန်းအတွင်း ပြုလုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာဆောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက ဒရုန်းတွေ အသုံးပြုပြီး ဗုံးသီး ၈ လုံး ကြဲချခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။










