
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF အဖွဲ့တို့ ဇွန် ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ၃ ရက်တာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်တွေသေဆုံးသွားတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ အင်အား ၂၀၀ နီးပါးနဲ့ ဆားတောင်မြို့ကနေ အနောက်ဘက်ကို စစ်ကြောင်းစထိုးလာရာမှာ အခုလို ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
မြင်းခြံခရိုင်တပ်ရင်း-၇ Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုသက်ကြီးက “တိုက်ပွဲက ဇွန်လ ၁၃ ရက်နေ့ မနက်ခင်း ၁၀ နာရီက ဆားတောင်ရွာအထွက်မှာ တကြိမ် တိုက်ပွဲဖြစ်တယ်။ အဲ့အကြိမ်မှာ စခ ၁၀ ကောင်သေတယ်။ အဲလို တိုက်ပွဲဖြစ်ပွားပြီး စခတွေက တာဇင်ရွာကို ဝင်ပြီး မီးရှို့တယ်။ မီးရှို့ပြီး ပေါက်မတောင်ရွာဘက်ကို စစ်ကြောင်းထိုးလာတယ်။ အဲဒီမှာလည်း ထပ်ပြီး တိုက်ပွဲထပ်ဖြစ်တယ်ပေါ့။ စခ ၇ ကောင်သေတယ်။ စခတွေ စစ်ကြောင်း တာဇင်ရွာဘက် တပ်ပြန်ခေါက်သွားတယ်။ ဒီနေ့မနက်ခင်းကြတော့ ထပ်ပြီး ပေါက်မတောင်ရွာဘက်ကို စစ်ကြောင်းထိုးလာတယ်။ ကျနော်တို့ကလည်း အသင့်အနေအထားနဲ့ နေရာယူပြီး လက်ဦးမှုရယူပြီး ပစ်ခတ်နိုင်ခဲ့တယ်။ ဒီနေ့တိုက်ပွဲကတော့ အောင်မြင်မှု အများဆုံးလို့ ပြောလို့ရမယ်။ စစ်ကြောင်းမှူး အပါအဝင် စခ ၂၀ ကျော် အသေရခဲ့တယ်။ နောက် ၂၀ ကတော့ အကျိုးအကန်း ဒဏ်ရာရရှိတာတွေလည်း ရှိတယ်။ တိုက်ပွဲ ၃ ရက်ပေါင်းဆိုရင် စခအကောင် ၃၀ ကျော်သေတယ်ဗျ” လို့ ပြောပါတယ်။
ဒီနေ့တိုက်ပွဲကတော့ စစ်ကောင်စီဘက်က RPG လက်နက်ကြီး ၁၇ လုံးလောက် ပြန်ပစ်လို့ PDF တွေ ဘက်ကလည်း ၆ ဦး လက်နက်ကြီးအပိုင်းအစမှန်ပြီး အသက်အန္တရာယ် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်။
စစ်ကောင်စီတပ်ဖက်က အထိနာလို့ ပေါက်မရွာကို မီးရှို့နေတယ် ဒေသခံတွေက ပြောပေမဲ့ ဒီတိုက်ပွဲနဲ့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။
အခုတိုက်ပွဲကို Zero ပြောက်ကျားတပ်ဖွဲ့ မြင်းခြံခရိုင်တပ်ရင်း-၇၊ စစ်ကိုင်းတပ်ရင်း-၁၊ ကျောက်ဆည်ခရိုင်တပ်ရင်း-၁ နဂါးနီတပ်ရင်း၊ ဒေသခံ ဆားတောင်မိုးကြိုး LPDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။