
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အစပ် ရိဒ်အမှတ်-၂ စစ်ကောင်စီဂိတ်စခန်းက ညအချိန် ခရီးသွားကားတွေကို ပစ်ခတ်မှုတွေ လုပ်ဆောင်နေတဲ့အတွက် တီးတိန်မြို့နယ်အစပ်က ဟိုင်မွာလ်-တီအိုချောင်းကြား လမ်းပိုင်းကို ညအချိန် အသွားအလာပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခရီးသွားကားတွေ အန္တရာယ်ရှိတဲ့အတွက် ကားလမ်းကို ညနေ ၆ နာရီကနေ မနက် ၇ နာရီခွဲ အထိ သွားလာခွင့် တားမြစ်ထားတယ်လို့ PDF Zoland B-5 Mountain Eagle အဖွဲ့က အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဟိုင်မွာလ်-တီအိုချောင်းကြားလမ်းပိုင်းဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ အရေးပါပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့ကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။
ညအချိန် ကျန်းမာရေးကိစ္စ တစုံတရာ ဖြစ်ခဲ့ရင်တော့ PDF Zoland B-5 Mountain Eagle အဖွဲ့ကို ကြိုတင်အကြောင်းကြားခိုင်းထားပြီး လမ်းလွှဲကနေ စီစဉ်ပေးမယ်လို့ ဆိုပါတယ်။
PDF Zoland B-5 Mountain Eagle အဖွဲ့ တာဝန်ရှိသူက “အဓိကတော့ ပြည်သူတွေအတွက် အန္တရာယ်များလို့ သွားလာခွင့် ကန့်သတ်ထားတာပါ။ စစ်တပ်ဂိတ်နဲ့ ကျနော်တို့နဲ့က ၅ ဖာလုံလောက်ပဲဝေးတော့ အချိန်မရွေး တိုက်ပွဲဖြစ်သွားနိုင်တယ်” လို့ ပြောပါတယ်။
ကန့်သတ်အချိန်ကျော်လွန်တဲ့ ကားသမားတွေနဲ့ ခရီးသွားတွေကိုတော့ နယူးအေဒင်ရွာမှာ တည်းခိုဖို့နဲ့ စားသောက်ဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။










