
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းနယ်မြေထဲက ရေကန်တွေနဲ့ နေရာတချို့ကို အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက သွားလာခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဓိက ရေချိုးခွင့်၊ အဝတ်လျှော်ခွင့်၊ ကျွဲ၊ နွားကအစ ဘယ်သူ့ကိုမဆို လက်ဆည်ကန်၊ အနူမကန်နဲ့ ရင်တားပါတံတိုင်းတို့ကို သွားလာခွင့်မပြုလို့ ကန့်သတ် ထုတ်ပြန်ထားပါတယ်။
အဲဒီ လက်ဆည်ကန်နဲ့ အနူမကန်က မြောက်ဦးမြို့တခုလုံးကို သောက်ရေ၊ သုံးရေ ပေးထားတဲ့ အတွက် လူငယ်တွေ ရေချိုး၊ အဝတ်လျှော်၊ ကျွဲ၊ နွား ကျောင်း စတာတွေကို တားမြစ်တာဟာ ကောင်းမွန်တဲ့လုပ်ရပ်တခု ဖြစ်တယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“အွန်လိုင်းထက်မှာတောင် တင်ထားတဲ့ ဗီဒီယိုဖိုင်တွေ ရှိတယ်။ အဓိက မြို့တမြို့လုံးက ရဟန်းရှင်လူ ကအစ အဲဒီလက်ဆည်ကန်က ရေကို သောက်ရတယ်၊ သုံးရတယ်၊ အဲဒီမှာ မိန်းကလေးတွေ ရေချိုးတော့ မသင့်တော်ဘူး။ အခုလိုတားလိုက်တာ ကောင်းမွန်ပါတယ်။”
အဲဒီလက်ဆည်ကန်နဲ့ အနူမကန်ကို နှစ်ပေါင်း ၅၀၀ ကျော်က ရခိုင်ဘုရင်တွေဟာ နိုင်ငံကာကွယ်ရေး အတွက် ရင်တားပါတံတိုင်း ပြုလုပ်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
မြောက်ဦးမြို့ခံ နောက်တယောက်ကလည်း “အဲဒီ ရင်တားတံတိုင်းကို အပေါ်တက်ပြီး လျှောက်သွားတာရယ်၊ တောင်ဘက်က ကျွဲ နွား လွှတ်ကျောင်းတာတွေရယ် ရှိနေတဲ့ တံတိုင်းက ကျောက်ခဲတွေကွာကျတယ်။ ဒါက သမိုင်းဝင်နေရာတွေပါ။ သမိုင်းအတွက် အခုလို ကန့်သတ် ထားသင့်တယ်” လို့ ပြောပါတယ်။
မြောက်ဦးမြို့မှာ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီ၊ နန်းရာ စတာတွေ အများအပြား ရှိနေပြီး ထိန်းသိမ်းစောင့်ရှောက်မှု မရှိခဲ့တဲ့အပြင် စစ်တပ်နေရာတွေ ချပြီး ဖြိုဖျက်ခဲ့တဲ့အတွက် အရင် အမှတ် ၅၄၀ တပ်ရင်းဟောင်းက မြို့ပြင်တံတိုင်းကြီးလည်း ပျက်စီးခဲ့ရပါတယ်။
အခု အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ လက်ထက်မှာတော့ မြောက်ဦးမြို့ရှိ ရှေးဟောင်း သမိုင်းဝင် နေရာတချို့ကို ကန့်သတ်ဆိုင်းဘုတ်တင်ပြီး သွားလာခွင့်ကိုပါ ကန့်သတ်ကာ ထိန်းသိမ်း ထားပါတယ်။











