DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့ပြင်ရှိ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီတပ်က ဗုံးကြဲ
DVB
·
October 23, 2024
လားရှိုးမြို့ပြင်ရှိ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီတပ်က ဗုံးကြဲ
Donate to DVB

MNDAA ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပြင် မယ်ဟန်ရွာဘက်ကို အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီခွဲလောက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “မယ်ဟန်ဘက်က ရိုးရာဆန်အရက်ချက်စက်ရုံကို ကြဲတာပါ။ လူမထိပါဘူး” လို့ ပြောပါတယ်။

လားရှိုးမြို့နဲ့ ၇ မိုင်အကွာ မန္တလေး-လားရှိုး လမ်းမပေါ်ရှိ မယ်ဟန်ရွာအနီးက ရိုးရာ ဆန်အရက်စက်ရုံပေါ် လေယာဉ်ဗုံး ကျရောက်ထိမှန်ခဲ့တယ်လို့ သူကပြောပါတယ်။

နောက်ထပ် ဒေသခံတ‌ယောက်က “လားရှိုးမြို့အဝင် ဆိုင်းဘုတ်အနီးက ရိုးရာဆန်အရက်ချက်စက်ရုံကို လေကြောင်းဗုံးကြဲ တိုက်ခိုက်လို့ စက်ရုံအဆောက်အဦတွေ မီးလောင်ကျွမ်းသွားတာ” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီ ၃၅ မိနစ်မှာ စစ်ကောင်စီက လားရှိုးမြို့၊ မယ်ဟန်ရွာနားက ရိုးရာ ဆန်အရက်ချက်စက်ရုံကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အ‌ဆောက်အဦတွေ မီးလောင်ကျွမ်းခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း MNDAA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်း ၁ နာရီ မထိုးခင်မှာလည်း လားရှိုးမြို့၊ ရပ်ကွက် ၁၂ မန်ဆူဘက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်လို့ နေအိမ် ၆ လုံးခန့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်ပြီးနောက် ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်ကစပြီး စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ အကြိမ် ၂၀ ကျော်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် လောက်ကိုင်၊ သိန္နီ၊ လားရှိုး စတဲ့ နေရာတွေမှာ အရပ်သား ထိခိုက်၊ သေဆုံးမှု ၁၀၀ ကျော်ရှိလာကြောင်း MNDAA ဘက်က ထုတ်ပြန်ချက်နဲ့ ဒေသတွင်း အချက်အလက်တွေအရ သိရပါတယ်။

Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013