DVB Logo
Home
မြန်မာသတင်း
ဘုတလင်၌ စစ်တပ်က ပြည်သူကို သတ်ဖြတ် နိုင်ငံတကာဥပဒေ ပေါ်ပေါ်တင်တင် ချိုးဖောက်နေဟု NUG ပြော
DVB
·
October 23, 2024
ဘုတလင်၌ စစ်တပ်က ပြည်သူကို သတ်ဖြတ် နိုင်ငံတကာဥပဒေ ပေါ်ပေါ်တင်တင် ချိုးဖောက်နေဟု NUG ပြော
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို အောက်တိုဘာ ၆ ရက်က စတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက “ဘုတလင်မှာ ဖြစ်သွားတဲ့ကိစ္စက နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်ရာရောက်တယ်ပေါ့နော်။ စစ်ကောင်စီက အဘက်ဘက်မှာ ရှုံးနိမ့်နေတဲ့အတွက် ဒါတွေကို အဟုန်မြှင့်ပြီး လုပ်ဆောင်နေတယ်။ အစိုးရအနေနဲ့ ဆက်တိုက် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းပြီးတော့ နိုင်ငံတကာ တရားစီရင်ရေးယန္တရားတွေအောက်မှာ အရေးယူနိုင်ဖို့ မြေပြင်နဲ့ ချိတ်ဆက်ပြီး သတင်းအချက်အလက် ရယူတာတွေ အထောက်အထား စုဆောင်းတာတွေ လုပ်ဆောင်ဖို့ရှိတယ်” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်ကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ  သီတင်း ၂ ပတ်ကျော် အတွင်း အရပ်သားပြည်သူ ၂၃ ယောက်ကို သတ်ဖြတ်ခဲ့သလို အရပ်သား ၇၀ ကျော်ကိုလည်း လက်ရှိအချိန်ထိ ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။ 

ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံက “အဖမ်းခံရတဲ့အထဲ ကလေးတော့ မပါဘူး၊ အမျိုးသမီးတော့ ပါတယ်။ ဓားစာခံတွေကိုတော့ သူတိုနဲ့အတူပဲ ထားထားတယ်၊ စစ်ကြောင်းသွားရာ ခေါ်တယ်ပေါ့လေ။ စစ်ကြောင်းက ခုချိန်ထိ စိုင်ပြင်လေးမှာရှိနေတယ်၊ ရွာထဲမှာပဲ။ စစ်ကောင်စီက အင်အား ၁၂၀ လောက်ပါမယ် စစ်ကြောင်းထိုးလာတာ၊ ဓားစာခံက ၇၀ လောက်ရှိတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်က ဘုတလင်နယ်မြို့မှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၅ ယောက်ကျော် သေဆုံးကာ စစ်သုံပန်း ၄၃ ယောက် ဖမ်းမိခဲ့တဲ့အတွက် စစ်ကောင်စီတပ်က လက်တုံ့ပြန်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ ရက်မှာလည်း ဘုတလင်မြို့ပေါ်က အသက် ၇ နှစ်အရွယ် ကလေးအပါအဝင် မိသားစုဝင် ၆ ယောက်ကို စစ်ကောင်စီတပ်က နေအိမ်အတွင်း သတ်ဖြတ်ခဲ့ပါတယ်။

အောက်တိုဘာ ၁၇ ရက်မှာလည်း ဘုတလင်မြို့နယ်၊ စီပါရွာက အသက် ၈၀ အရွယ် အဘိုးအိုအပါအဝင် ရွာသား ၆  ယောက်ကို သတ်ဖြတ်ပြီး အလောင်းတွေကို အပိုင်းပိုင်းဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို နေအိမ်ခြံစည်းရိုးမှာ ချိတ်ဆွဲခဲ့ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ လမ်းတလျှောက်က စီပါ၊ စိုင်ပြင်လေး၊ တက်လှိုင်း၊ ကျွဲသေချောင်း ကျေးရွာတွေကလည်း လူနေအိမ် ၃၅၀ ကျော်ကို စစ်ကြောင်းထိုးတဲ့ရက်ကနေ လက်ရှိအချိန်အထိ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းကြောင့်  ဘုတလင်နယ်က ကျောက်အိုး၊ မြောက်ကျီ၊ တက်လှိုင်း၊ စီပါ၊ ဆည်ဝရွာ အပါအဝင် ကျေးရွာပေါင်း ၁၅ ရွာကျော်က ပြည်သူ ၁ သိန်းနီးပါးဟာ ဘေးလွတ်ရာနေရာတွေကို စစ်ဘေးတိမ်းရှောင်နေကြရတယ်လို သိရပါတယ်။

ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံက “စစ်ရှောင်ရတဲ့ရွာကတော့ ၁၅ ရွာရှိတယ်၊ လောလောဆယ်တော့ ဘုတလင်အနောက်ဘက်ခြမ်း ရှောင်ကြရတာများပါတယ်၊ စစ်ကြောင်းထိုးကတည်းက စရှောင်တဲ့ရွာက ရွာပေါင်း ၃၀ ကျော်ပြီ၊ ပြန်ဝင်တဲ့ရွာက တဝက်လောက်ရှိပြီ။ ကာကွယ်ရေးဘက်နဲ့လည်းတိုက်ပွဲဖြစ်တာမရှိပဲနဲ့ကို လေကြောင်းသုံးတယ်၊ ဟောင်ဝစ်ဇာနဲ့ပစ်တယ်၊ မီးရှို့တဲ့ရွာပေါင်းက ၅ ရွာရှိတယ်။ စားဝတ်နေရေးကတော့ ကျနော်တို့ စီစဉ်ပေးနေပေမဲ့ ပြည့်စုံလုံလောက်မှုတော့မရှိဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်တွေ စုဝေးနေထိုင်တဲ့နေရာတွေကို လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ ဒီပဲယင်း၊ အရာတော် စတဲ့မြို့နယ်တွေက ကျေးရွာတွေဘက်ကို ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

ဘုတလင်မြိုနယ်က စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရတာ ရက်ရှည်လာပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ 

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013