DVB Logo
Home
မြန်မာသတင်း
အမ်းမြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံပြည်သူများ လုံခြုံရေးစိုးရိမ်နေ
DVB
·
October 23, 2024
အမ်းမြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံပြည်သူများ လုံခြုံရေးစိုးရိမ်နေ
Donate to DVB

ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိတဲ့ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာ၊ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အမ်းမြို့ပေါ်က ဒေသခံ ပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေကြပြီး အသက်အန္တရာယ် လုံခြုံမှုမရှိဘူးလို့ အမ်းမြို့ဒေသခံတွေက ပြောပါတယ်။

အမ်းမြို့ဒေသခံ အမျိုးသမီးတယောက်က အမ်းမြို့အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ရှိနေတာကြောင့် အိမ်ထဲမှာနေပြီး သေရမယ့်နေ့ကို စောင့်နေရတယ်လို့ ပြောပါတယ်။

“လက်နက်ကြီးတွေရော လေကြောင်းကနေပါ တောက်လျှောက်ပစ်နေကြတာပါ။ လောင်းစပ်ရွာ အပါအဝင် တခြား အနီးအနားရွာတွေကိုလည်း လက်နက်ကြီးကျတယ်။ ခုဆို တိုက်ပွဲဖြစ်နေတာက အမ်းမြို့နဲ့ တမိုင်ကျော်လောက်ပဲရှိတော့တာ၊ တမိုင်ကုန်းစခန်းနားမှာ ဖြစ်နေတာ။ တရက်လုံး လက်နက်ကြီးထုတဲ့အသံကြောင့် ညမအိပ်ရတာလည်း တော်တော်ကြာပြီ။ လမ်းခရီးပိတ်ထားတာကြောင့် ဘယ်မှသွားလို့မရဘူး။ သွားရင်လည်း အဖမ်းခံရမှာ။ ဆန်လည်းဝယ်မရဘူး၊ ကိုယ့်အိမ်မှာပဲ သေမယ့်နေ့ကို စောင့်နေရသလိုပါပဲ။”

အောက်တိုဘာ ၂၁ ရက် နေ့လယ် ၂ နာရီခန့်ကလည်း အမ်းမြို့နယ် လောင်းစပ်ကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲဒီနေ့ တရက်တည်းမှာပဲ အမ်းမြို့အနီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ လုံးကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့ပါတယ်။ လုံးကျေးရွာဟာ အမ်းမြို့နဲ့ ၂ မိုင်လောက်သာကွာဝေးပြီး အိမ်ခြေ ၂၆၀ ကျော် ရှိပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတယောက်ကလည်း အမ်းမြို့ပေါ်က စစ်ဘေးရှောင် ၅,၀၀၀ ခန့်ဟာ လက်ရှိမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်တောက်နေတယ်လို့ ပြောပါတယ်။

“အမ်းမြို့ပေါ်မှာက အနီးအနား ကျေးရွာတွေက စစ်ဘေးရှောင်လာကြတဲ့သူတွေ များတယ်။ ၅,၀၀၀ လောက်ရှိတယ်။ လောလောဆယ် ဆန်က လုံးဝရှာမရဘူး။ တိုက်ပွဲပြင်းထန်နေတာကြောင့် သွားလာလို့ မရတော့ဘူး။ လမ်းပိတ်ထားတာလည်း တော်တော်ကြာပြီ။ အဓိကက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်တောက်နေတယ်။”

အောက်တိုဘာ ၂၂ ရက်က အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်မှာ ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ မောင်တော၊ အမ်း၊ ကျိန္တလီမြို့ အနီးတဝိုက်မှာ တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ တောင်ကုတ်မြို့အနီး ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

လက်ရှိမှာ အမ်းမြို့အနီး တိုက်ပွဲပြင်းထန်နေကာ အာရက္ခတပ်တော် (AA) က အမ်းမြို့က စစ်ကောင်စီတပ်ရင်းတွေကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ခုခံ ကာကွယ်နေပါတယ်။

ရခိုင်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိမှုတွေဟာ တနေ့ထက်တနေ့ ပိုများလာနေပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013