DVB Logo
Home
မြန်မာသတင်း
မတ္တရာ၊ ထီးလင်းနှင့် အရာတော်တွင် စစ်တပ် လေကြောင်းတိုက်ခိုက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရ  
DVB
·
October 23, 2024
မတ္တရာ၊ ထီးလင်းနှင့် အရာတော်တွင် စစ်တပ် လေကြောင်းတိုက်ခိုက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရ  
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အိုင်းမရွာကို အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်းမရွာက အသက် ၅၀ ကျော်အရွယ် ဒေါ်မာလာထွေး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျောင်းသား ၃ ယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကာ နောက်ထပ် ဒေသခံ ၃ ‌ယောက်ကတော့ ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဘာတိုက်ပွဲမှမရှိဘဲ လေကြောင်းကနေ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ကျွဲ ၂ ကောင်နဲ့ နွားတစကောင် သေဆုံးခဲ့ကာ ဒေသခံတွေလည်း လေကြောင်းကြောင့် ကြောက်လန့်ပြီး ထွက်ပြေးနေကြတယ်လို့ အိုင်းမရွာသားတယောက်က ပြောပါတယ်။

အဆိုပါ အိုင်းမရွာမှာ အိမ်ခြေ ၈၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ ဝန်းကျင် နေထိုင်တယ်လို့ သိရပါတယ်။ အိုင်းမရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တပ်စွဲနေတာလည်း မရှိသလို လှုပ်ရှားနေတာလည်း မရှိဘဲ စစ်ကောင်စီက ဒေသခံပြည်သူတွေနေတဲ့ ရွာကို ပြင်းပြင်းထန်ထန် ဗုံး ၁၀ လုံးကျော် ကြဲချတာဟာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်‌နေတာဖြစ်တယ်လို့ Yaw Revolution Army-YRA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်ကလည်း ထီးလင်းမြို့နယ်၊ အကြည်ဘန်းရွာနဲ့ ညောင်ရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

စစ်ကောင်စီက အခုလပိုင်းအတွင်း ယောဒေသကို လေကြောင်းကနေ ၈ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ယောက် သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ကမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ တွေကိုလည်း အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ၅ ကြိမ် ထက် မနည်းပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး တယောက်နဲ့သူ့ရဲ့ သားဖြစ်သူတို့ သေဆုံးခဲ့ကာ ၅ ယောက်ထက်မနည်း ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

Wetlet Informational Network ရဲ့ တာ၀န်ခံက “ညနေ ၄ နာရီကျော်လောက်ကစပြီး ၆ နာရီ အထိ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး၊ Mi-35 ၂ စီးနဲ့ မတ္တရာအနောက်ခြမ်းက ဧရာဝတီမြစ် ကမ်းဘေးတလျှောက်က ရွာတွေကို ၅ ကြိမ်ထက်မနည်း ဆက်တိုက်ပစ်ခဲ့တာ” လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ဧရာ၀တီမြစ်အတွင်း မော်တော်နဲ့ခရီးသွားနေတဲ့ အသက် ၃၀ ၀န်းကျင် အမျိုးသမီးတယောက်နဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၁ နှစ်ခွဲ၀န်းကျင် ကလေး တယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ်ပကဖ  တာ၀န်ခံတယောက်က “သေတဲ့သူတွေရဲ့ နေရပ်လိပ်စာတွေတော့ စုံစမ်း နေဆဲပါ။ ဒဏ်ရာရတဲ့သူ ၅ ဦးထက် မနည်းရှိပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တော့ နောက်ထပ် သေဆုံးဒဏ်ရာရတဲ့ သူတွေ ရှိနေသေးတယ်လို့လည်း သိထားရပါတယ်။ သူတို့ဘက်က ထိုးစစ်တွေရှိနေတာရယ် ဖုန်းလိုင်းတွေ အဖျက်ခံထားရတာတွေရယ်ကြောင့် မြေပြင် သတင်းအတိအကျဖို့ ကြန့်ကြာနေတယ်”လို့  ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေ  ပြန်ရဖို့ လေကြောင်းအပါအ၀င် နည်းလမ်းမျိုးစုံသုံးပြီး တန်ပြန် ထိုးစစ်ဆင်နေတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတူးတာတွေအပြင် စစ်တပ် လေယာဥ်တွေ ပျံသန်းစဥ် တနေရာနဲ့ တနေရာ ကူးသန်း ပြေးလွှားတာတွေ မပြုလုပ်ကြဘဲ အကာအကွယ်ရှိတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း အောက်တိုဘာ ၂၂ ရက်  မနက် ၁၀ နာရီကျော်က စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo : Wetlet Informational Network

အရပ်သား သေဆုံးသူ ၃ ယောက်ဟာ တောင်ယာလုပ်ကိုင်ရင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိပြီး သေဆုံးတာလို့ သိရပါတယ်။

ဒေသခံ ရွာသားတယောက်က “အရာတော်လေ့ကျင့်ရေးက ဟောင်ဝစ်ဇာ ၂ ချက် ပစ်ခဲ့တာ။ အဲဒီလိုပစ်ခတ်လို့ ကျနော်တို့ နောင်ကြီးအိုင်ရွာရဲ့ အပြင်ဘက် ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးအစတွေက လူနေအိမ်တွေဆီ လွင့်စင်ပြီး အိမ်တွေ ထိခိုက်ပျက်စီးတယ်။ ဒေသခံ အမျိုးသား ၃ ဦး ကျည်စထိမှန် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေ ဆေးကုသဖို့ ဆေးရုံသွားရင်း လမ်းမှာတင် သေဆုံးခဲ့ရတယ်။ သေဆုံးသူ အမည်တွေကိုတော့ မပြောတော့ပါဘူး” လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲက PDF ကြီးစိုးတဲ့ ကျေးရွာတွေဆီ လေယာဉ်နဲ့ ပစ်ခတ်သလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။

အရာတော် ပြည်သူ့အုပ်ချူပ်ရေး တာဝန်ရှိသူတယောက်က “သူတို့ ဘာသတင်းအမှားရပြီး ပစ်တာလည်း မသိဘူး။ တိကျတဲ့ သတင်းရမှ ပစ်သင့်တယ်‌။ စစ်တပ်က အရပ်သား၊ PDF မခွဲခြားဘဲ  အကုန်ပစ်နေတာ။ အခုလည်း အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်” လို့  ပြောပါတယ်။

နောင်ကြီးအိုင်ရွာဟာ အရာတော်မြို့မြောက်ဘက် ၁၀ မိုင်အကွာမှာရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က နောင်ကြီးအိုင် နယ်‌မြေခံရဲစခန်းဟာ စစ်တပ်စွန့်ခွာခဲ့တဲ့စခန်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013