DVB Logo
Home
မြန်မာသတင်း
လောင်းလုံးတွင် စစ်ကောင်စီတပ်က  ရွာသား ၅ ဦးကို သတ်ဖြတ်၊ လူငယ် ၂ ဦးကို လည်လှီးသတ်
DVB
·
October 23, 2024
လောင်းလုံးတွင် စစ်ကောင်စီတပ်က  ရွာသား ၅ ဦးကို သတ်ဖြတ်၊ လူငယ် ၂ ဦးကို လည်လှီးသတ်
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ရွာထဲဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ပစ်ခတ်လို့ ဒေသခံ ၃  ယောက် သေဆုံးခဲ့သလို လူငယ် ၂ ယောက်ကိုလည်း စစ်‌ကောင်စီတပ်က ဖမ်းဆီးသွားပြီး လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့‌ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်က လောင်းလုံးမြို့နယ်၊ အောက်ရေဖြူရွာကနေ စစ်ကောင်စီ စစ်ကြောင်း ပြန်ဆုတ်ခွာသွားပြီး နောက်တရက်မှာ ရွာသားတွေက ညင်းမော်ရွာရဲ့ သုသာန်အနောက်ဘက်မှာ စစ်ကောင်စီက လည်လှီးသတ်ထားတဲ့ လူငယ်အလောင်း ၂ လောင်းကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်က ညင်းမော်ရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တည့်တည့်တိုးပြီး ဖမ်းဆီးခံတာဖြစ်ပြီး သူတို့ထဲက လူငယ်တယောက်မှာ ညင်းမော်ရွာသား ကိုမင်းကိုကို ဖြစ်ပါတယ်။ နောက်တယောက်ကိုတော့ အမည်နဲ့ နေရပ်ကို မသိရဘူးလို့ ပြောပါတယ်။

ဒေသခံတယောက်က “သူတို့နှစ်ယောက်က စစ်ကြောင်းဝင်လာတဲ့ အချိန်မှာ စစ်တပ်နဲ့ တည့်တည့်တိုးပြီး ပြေးတော့ သေနတ်နဲ့ လိုက်ပစ်ပြီးမှ ဖမ်းခံရတာပါ။ ဖမ်းမိပြီးတဲ့အခါကျတော့ စစ်ကြောင်း ရွာကပြန်ထွက်ချိန် လူတွေပြန်လွှတ်ပေးရာမှာ သူတို့နှစ်ယောက် မပါလာဘူး။   သေသေသပ်သပ် မြှုပ်တာမဟုတ်တော့ လက်တွေခြေတွေ တွေ့ရတယ်။ ရွာသားတွေတွေ့တော့ အလောင်းဖော်လိုက်တဲ့အခါမှာ လည်ပင်းကို ဓားနဲ့လှီးထားတဲ့ဒဏ်ရာ တွေ့ရတာ။ အလောင်းက မပျက်စီးသေးတော့ စစ်ကြောင်းမထွက်ခင် သတ်တာလို့ ခန့်မှန်းရတယ်။ သူတို့နှစ်ယောက်ကို ကြိုးနဲ့တုပ်၊ ရိုက်နှက် နှိပ်စက်ပြီးမှ လည်လှီးပြီးတော့ သတ်ပစ်သွားတာပါ” လို့ ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက်ကစပြီး အောက်ရေဖြူရွာ၊ ညင်း‌မော်၊ ဂေါ့အင်း၊ ကဒဲငယ်ထိန် ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံပြည်သူ အများအပြားကို ဖမ်းခေါ်သွားပါတယ်။

စစ်ကြောင်းပြန်မဆုတ်ခင်မှာ အားလုံးနီးပါး ပြန်လွတ်လာပေမဲ့ လူငယ် ၂ ယောက်ဖြစ်တဲ့ ကိုမင်းကိုကိုနဲ့ နောက်ထပ်လူငယ်တယောက်ကတော့ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

‌အောက်တိုဘာ ၁၇ ရက်က ကဒဲငယ်ထိန်ရွာထဲ စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့ အသက် ၃ဝ ဝန်းကျင်အရွယ် အမျိုးသားတယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ကာ နေအိမ်တလုံးမှာ အိပ်နေတဲ့ သက်ကြီးအရွယ် အမျိုးသမီးလည်း စစ်ကြောင်းကပစ်ခတ်တဲ့ ကျည်ဆန် လာထိမှန်ပြီး သေဆုံးခဲ့ ပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးပစ်ခတ်ခဲ့လို့ နေအိမ်တလုံးနား ကျရောက်ပစ်ကွဲကာ အသက်ကြီးအရွယ် အမျိုးသမီး နောက်တယောက်မှာ နှလုံး‌ရပ်ပြီး သေဆုံးခဲ့တယ်လို့ လောင်းလုံးပကဖအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

“အမျိုးသားက အောက်ရေဖြူရွာသားပါ။ အလောင်းကို ဒီတိုင်းပစ်ထားတာပါ။ ရွာထဲ သေနတ်ပစ်ပြီး ဝင်လာတော့ နေအိမ်တလုံးကို ကျည်ဖောက်ဝင်ပြီး အိပ်နေတဲ့ အသက်ကြီးအရွယ် အမျိုးသမီးတဦးကို ထိတော့ သေသွားတယ်။ အမျိုးသမီး နောက်တဦးက သေနတ်မှန်တာ မဟုတ်ဘူး။ လက်နက်ကြီး အိမ်နားလာကျပြီး နှလုံးရပ် သေဆုံးတာပါ။”

အဆိုပါ စစ်ကြောင်းထိုးလာတဲ့ တလျှောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ စစ်ကြောင်းတို့ အပြန်အလှန် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ကဒဲငယ်ထိန်၊ စစ်ပြဲ စတဲ့ကျေးရွာတွေက ဒေသခံအများအပြား ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကြောင်းက လောင်းလုံးမြို့နယ်ဘက်ကို ပြန်ဆုတ်သွားပြီးတော့ ဒေသခံတချို့လည်း ကျေးရွာတွေကို ပြန်လည်နေထိုင်လာကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013