DVB Logo
Home
Lead Story
နှလုံးလှပိုင်ရှင် CDM များအကြောင်း
DVB
·
October 22, 2024
နှလုံးလှပိုင်ရှင် CDM များအကြောင်း
Donate to DVB

CDM ဆရာက

စာသင်ရ ပျော်စွာ။

နွေဦးခါ စာတွေရေး

အားပေးသေးတာ။

လက်နက်လည်းကိုင်ကြသည်

အများညီ PDF ။

နှစ်ပင်လိမ်ကြိုးကျစ်လျက်

တိုက်ပွဲတွေဆက်။     ။

စစ်အာဏာသိမ်း မင်းအောင်လှိုင်အဖွဲ့ရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်ဘဲ တော်လှန်ရေးထဲပါဝင်ပြီး CDM လုပ်ကြတဲ့ ကျမတို့ ပညာရေးဝန်ထမ်းတွေဟာ ကိုယ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးကို ပါဝင်ခဲ့ကြပါတယ်။ ကျမတို့ CDM တွေဟာ ကိုယ်ရဲ့ရပိုင်ခွင့်တွေကို စွန့်လွှတ်ခဲ့ခြင်းအတွက် ဝမ်းနည်းမှုမဖြစ်တဲ့အပြင် အာဏာသိမ်းစစ်တပ်ကို ရဲရဲတောက် တော်လှန်နေကြတာကို ဂုဏ်ယူစွာနဲ့ ပြောပြပါရစေရှင်။ အချို့‌ CDM ဆရာ၊ ဆရာမတွေက ကိုယ်တိုင် လက်နက်ကိုင်ပြီး တော်လှန်ကြတယ်။ တချို့က ပညာနဲ့ တော်လှန်ကြတယ်။ တချို့ကတော့ အနုပညာ စာပေလက်နက်နဲ့ တော်လှန်ကြတာပေါ့။ အချို့က ကိုယ်တိုင်က ငွေကြေးခက်ခဲနေတာတောင် တတ်နိုင်သလောက် တော်လှန်ရေးမှာ ထောက်ပံ့ပေးနေကြတာကို လက်တွေ့ သိမြင်ရပါတယ်။

ဘာပဲဖြစ်ဖြစ် CDM လုပ်နေကြတာကိုက အာဇာနည်သူရဲကောင်းတွေအဖြစ် ဂုဏ်ယူစရာ ကောင်းတယ်လို့ မြင်မိတယ်ရှင်။ ကျမပတ်ဝန်းကျင်မှာ မြင်တွေ့ရတဲ့ ပညာရေး CDM လက်နက်ကိုင်တယောက်အကြောင်းကို ပြောပြရမယ်ဆိုရင် သူဟာ ကျောင်းဆရာလုပ်ခဲ့သူ ဆိုတော့ အရာရာကို ချင့်ချိန်တယ်၊ လက်အောက်ငယ်သားကို စာနာထောက်ထားတယ်၊ လူအများနဲ့ ဆက်ဆံပြောဆိုရာမှာ ဆက်ဆံရေး ပြေပြစ်တယ်၊ ပြဿနာဖြေရှင်းရာမှာ တည်ငြိမ်ပြတ်သားတယ် စသည်ဖြင့် ဆရာစိတ်ကို အခြေခံထားတော့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင် ညှိနှိုင်းရတာ အဆင်ပြေတယ်ရှင့်။ အဲဒီဆရာကပြောတယ်၊ သူက အရင်တုန်းက ခြင်တို့၊ ကြမ်းပိုးတို့တောင် လာကိုက်တယ်ဆိုရင် မသတ်ဘူးတဲ့။ ဘေးကိုဖယ်ပစ်တဲ့အကြောင်း ပြောပြတယ်။ စစ်ဆိုတာကြီးကို တိုက်ချင်လို့ တိုက်နေရတာ မဟုတ်တဲ့အကြောင်း၊ မျိုးဆက်သစ် လူငယ်တွေနဲ့ နိုင်ငံရဲ့အနာဂတ်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေရကြောင်း ပြောပြတယ်ရှင်။ အခြား လက်နက်ကိုင် ခေါင်းဆောင်တွေလည်း တော်ကြမှာပါ၊ အဆင်ပြေကြမှာပါရှင်။

ကျမက ပညာရေးဝန်ထမ်းအချင်းချင်းဆိုတော့ တော်လှန်ရေးနဲ့ပတ်သက်ပြီး ပြောဆိုဆက်ဆံဖူးလို့ ပြန်ပြောပြရခြင်း ဖြစ်ပါတယ်ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလ ပညာရေးအဖြစ် မြေပြင်ကျောင်းတွေကို ၂‌၀၂၂ ခုနှစ် အစောပိုင်းကစပြီး တချို့ဒေသတွေမှာ စတင်ပြီး ဖွင့်ခဲ့ပါတယ်။ ပညာရေး CDM အချို့ဟာ ရောက်တဲ့အရပ်ဒေသမှာ ရှိတဲ့ကလေးတွေရဲ့ ပညာသင်ရမယ့် အခွင့်အရေးရဖို့ တတ်နိုင်သလောက် ကြိုးစားကြတယ်။ မြေပြင်အနေအထားမှာ ကျမ မြင်ရသလောက်ဆိုရင် အဆင့်မြင့်ပညာရေးဘက်က ဝန်ထမ်းတွေကပါ မူလတန်းကို လိုအပ်ချက်အရ သင်ပေးနေတာ တွေ့ရပါတယ်။ ဆယ်တန်း အောင်ကာစ ကလေးတွေကလည်း အထက်တန်းအဆင့်ကို လိုအပ်ချက်အရ သင်ပေးနေတာ တွေ့မြင်ရပါတယ်။ 

ကျမနဲ့ရင်းနှီးတဲ့ ဆရာမတယောက်ဟာဆိုရင် သူ့မိသားစုက တခြားတနေရာမှာ၊ သူ့သားက အလယ်တန်းကျောင်းသား၊ သူ့သမီးအငယ်လေးက မူလတန်းအရွယ်လေး၊ အဲဒီဆရာမ မိသားစု နေကြတဲ့ နေရာက စစ်ကောင်စီ စိုးမိုးနယ်မြေပါ။ ဒါပေမဲ့ စစ်အာဏာရှင်ဘက်ကလည်း ကျောင်းမဖွင့်နိုင်ပါဘူး။ (တကျောင်းလုံး CDM မို့ပါ)။ ဆရာမရဲ့ ကလေးတွေနဲ့ အဲဒီရွာက ကလေးများဟာ စာသင်ကြားခွင့် မရရှာကြပါဘူး။ ဆရာမဟာ ကိုယ့်သားသမီးနဲ့ ကိုယ့်ရပ်ရွာက ကလေးတွေကို သင်ချင်ရှာမှာပေါ့။ ဒါပေမဲ့လည်း‌ ရောတဲ့အရပ်မှာ‌ တွေ့တဲ့တပည့်ကို ကိုယ့်တူ၊ ကိုယ့်သားလို သဘောထားပြီး သင်ပေးနေတဲ့ ဆရာမရဲ့ လေးစားဖွယ်ရာ စိတ်ဓာတ်ကို ဖတ်မိသူတွေရင်ထဲ ခံစားမိမယ် ထင်ပါတယ်ရှင်။ ကျမတို့ NUG အစိုးရရဲ့ ကျောင်းတွေမှာ စိုးရိမ်ရတာက လေကြောင်းကနေ တိုက်ခိုက်ခံရမှာကိုပါ။ စစ်ကောင်စီကို တော်လှန်နေတဲ့ NUG ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် အချို့မြို့နယ်က ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ ကလေးငယ်အချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေ ရှိကြပါတယ်။

တိုက်ပွဲတွေလည်းဖြစ်၊ စီးပွားရေးလည်း ဖြောင့်ဖြောင့်မလုပ်ရနဲ့ စီးပွားရေး အဆင်မပြေတဲ့ကြား သားသမီးတွေရဲ့ ပညာရေးပါ ပူပန်နေရတဲ့ မိဘတွေပါ။ ကျောင်းသားမိဘတွေလိုပဲ စိတ်ပူပန်မှုတွေ ကြားထဲကနေ စာသင်ပေးနေကြတဲ့ ပညာရေး CDM ဆရာ၊ ဆရာမတွေဟာဖြင့် လေယာဉ်သံ၊ ဗုံးသံတွေ နားစွင့်ပြီး သင်ကြား၊ သင်ယူမှု လုပ်ရပါတယ်။ ဗုံးသံကြားရင် ပြေးဖို့ လွယ်အိတ်နဲ့ ခြေလှမ်းကို အသင့်ပြင်ရတယ်။ ဝေဟင်ကြောက်ရ၊ မြေပြင်ကြောက်ရနဲ့ အသက်ကိုမငဲ့ဘဲ စာသင်ကြားနေရတဲ့ NUG ကျောင်းမှာ တာဝန်ထမ်းဆောင်နေသူ အားလုံးသော ဆရာ၊ ဆရာမတိုင်းရဲ့ သံမဏိစိတ်ဓာတ်တွေကို ဂုဏ်ပြုပါရစေရှင်။

တချို့က CDM လုပ်ရုံတင် အားမရဘဲ တော်လှန်ရေးမှာ စာပေလက်နက်နဲ့ပါ ပါဝင်နေတဲ့ သူတွေလည်း ရှိတယ်ရှင်။ တော်လှန်ရေးမှာ ပြည်သူတွေ ပါဝင်လာဖို့၊ ပါဝင်လာတဲ့လူတွေကို စိတ်ဓာတ်မကျဖို့ ကိုယ်ရေးတတ်သလောက် နှိုးဆော် ရေးသားကြပါသေးတယ်။ ကျမကိုယ်တိုင်ကလည်း “နွေဦးတိုက်ကွက်၊ စာပေလက်နက်” အဖြစ် တော်လှန်ရေးအကျိုးပြု ဆောင်းပါးတွေကို ရေးသားလျက်ပါရှင်။ အချို့ CDM ဆရာ၊ ဆရာမတွေကတော့ စားဝတ်နေရေး ချို့တဲ့နေတာတောင် တပည့်အချို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီ တတ်နိုင်သလောက် ထောက်ပံ့ပေးနေတာတွေကို မြင်တွေ့နေရပါတယ်။ တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ CDM တွေရဲ့ အကြောင်းတွေကို ဂုဏ်ယူစွာနဲ့ ပြောပြရခြင်း ဖြစ်ပါတယ်ရှင်။ အဆုံးသတ်အနေနဲ့ ဂုဏ်ယူလျက် ထပ်ပြောချင်တာကတော့ ကျမတို့ CDM တွေဟာ အများအတွက် ကိုယ်ကျိုးကို စွန့်လွှတ်ရဲတဲ့ နှလုံးလှပိုင်ရှင်များ ဖြစ်ကြောင်းပါပဲရှင်။

ဖီးနစ်မေ (CDM ကျောင်းဆရာမ)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013