DVB Logo
Home
မြန်မာသတင်း
ဘုတလင်၌ စစ်တပ်က ပြည်သူ ၂၀ ကျော် သတ်ဖြတ်၊ နေအိမ် ၃၈၀ ကျော် မီးရှို့၊ ပြည်သူ ၅၀၀၀၀ ခန့် စစ်‌ရှောင်
DVB
·
October 22, 2024
ဘုတလင်၌ စစ်တပ်က ပြည်သူ ၂၀ ကျော် သတ်ဖြတ်၊ နေအိမ် ၃၈၀ ကျော် မီးရှို့၊ ပြည်သူ ၅၀၀၀၀ ခန့် စစ်‌ရှောင်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေမှာ အောက်တိုဘာ ၁၁ ရက်ကနေ  ၂၁ ရက်‌အတွင်း စစ်ကောင်စီတပ်က မြေပြင်စစ်ကြာင်းထိုးပြီး ပြည်သူ့နေအိမ်အလုံးပေါင်း ၃၈၀ ကျော်ကို မီးရှို့ခဲ့ကာ ရွာသား ၂၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးနဲ့ နာရေးကူညီမှု ပရဟိတအဖွဲ့တွေက ပြောပါတယ်။

သေဆုံးသူအများစုဟာ အသက်အရွယ်ကြီးသူတွေဖြစ်ပြီး  နာတာရှည်ရောဂါသည်တွေနဲ့ စိတ် ဝေဒနာရှင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဘုတလင် စီပါရွာသားတယောက်က “သူတို့က ရွာကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့သလို ရွာအတွင်းမှာ မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ အဘိုးအို၊ အဘွားအိုတွေ၊ နာတာရှည်ရောဂါသမားတွေနဲ့ စိတ်မနှံ့သူတွေကို သတ်ဖြတ်ထားခဲ့ကြတယ်။ ကျနော်တို့ စီပါရွာ အတွင်းကနေ ဦးယာစိန်အသက် ၇၀ နှစ် ၊ ဦးကြောင်ဘို အသက် ၇၃ နှစ်၊ ဦးတင်လှိုင် အသက် ၇၆ နှစ်၊ ဦးဌေးလွင်အသက် ၅၅ နှစ်နဲ့ အမည်မသိရသေးတဲ့အလောင်း ၂ လောင်း တွေ့ခဲ့ရတယ်။ ဒီအလောင်းတွေကို ကြည့်ခြင်းအားဖြင့် စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကို သိနိုင်ပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဘုတလင်နယ်အတွင်း တရွာဝင်တရွာထွက် စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးသွာခဲ့တာမှာ တလိုင်းရွာ ပြည်သူ့နေအိမ် ၁ လုံး၊ စီပါရွာက အိမ် ၃၀၀ ၊ကျွဲသေကျောင်းရွာက နေအိမ် ၂၃ လုံး၊ ဆည်ဝရွာသစ်က အလုံး ၂၀ ၊ ဆည်ဝရွာဟောင်းက ၁၅ လုံး၊ အိုင်ပေါင်းချောင်ရွာက ၂၇ လုံး အားလုံး စုစုပေါင်း ၃၈၆ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်။ 

ပြည်သူအင်အားပရဟိတအဖွဲ့ဝင်တယောက်က “စစ်တပ်စစ်ကြောင်း ရွာတွေထဲက ထွက်ပြီးတိုင်း ကျနော်တို့ ပရဟိတသမားတွေ အကုန်လုံး တရွာဝင်၊ တရွာထွက် ကူညီကယ်ဆယ်ရေးတွေ လိုက်လံလုပ်‌ဆောင်ပေးနေပါတယ်။ ကျနော်တို့ ကူညီပေးခဲ့တဲ့ ရွာတွေက တလိုင်းရွာ ၊ စီပါရွာ၊ ကျွဲသေကျောင်း၊ ဆည်ဝရွာသစ်၊ ဆည်ဝရွာဟောင်း၊ အိုင်ပေါင်းချောင်ရွာတွေကို ကူညီကယ်ဆယ်ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့တယ်ဗျ။ ရွာတွေထဲမှာ‌တော့ စစ်တပ်က ပြည်သူတွေအိမ် မီးရှို့ခဲ့တာ တွေ့တယ်။ အရပ်သားပြည်သူတွေကို သတ်ဖြတ်ထားခဲ့တဲ့ အလောင်းတွေ တွေ့ရတယ်”လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၅၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဘုတလင်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဘုတလင်မြို့နယ်ကို အောက်တိုဘာ ၆ ရက်ကစပြီး မုံရွာ နမခက အင်အား ၁၀၀ ကျော် စတင် စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူတွေအား သတ်ဖြတ်ပြီးကျေးရွာတွေကို မီးရှို့နေတာပါ။

စစ်ကြောင်းထိုးမှုကြောင့် ဘုတလင်မြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူ ၅၀၀၀၀  ကျော် နီးစပ်ရွာ နီးစပ်ရာ အရာတော်၊ ဒီပဲယင်း၊ ရွှေဘိုမြို့နယ်တွေဘက်ကို အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေရတာ ၂ ပတ်ကျော်ကြာပြီ ဖြစ်ပါတယ်။

S&C မီးဘေး စစ်ဘေးအကူအညီပေးရေးအဖွဲ့မှ ကိုစိုးမိုးအောင်က “အခုလက်ရှိတော့ ဘုတလင်က စစ်ရှောင်တွေက ဒီပဲယင်းရွာနားအစပ်က တောတွေထဲမှာ ဖြစ်သလိုပဲ နေနေကြတာ၊ မြေပြင်မှာ နေရာထိုင်ခင်းတွေ ချပေးဖို့ကလည်း အခက်အခဲတွေ ရှိနေတယ်၊ စားနပ်ရိက္ခာတွေ ဖြန့်ဝေဖို့ကိုလည်း အခက်အခဲရှိတယ်၊ စစ်ရှောင်တွေက တိုးလာတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းဟာ ပြည်သူ ၃၀ ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး အောက်တိုဘာ ၁၇ ရက်ကလည်း ဘုတလင်နယ်က စစ်ကောင်စီတပ် စစ်ကြောင်းဟာ စီပါကျေးရွာက ရွာသား ၅ ယောက်ကို ရက်ရက်စက်စက်  သတ်ဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013