DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် ကုန်စည်စီးဆင်းမှု ပြတ်တောက်၊ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေ
DVB
·
October 21, 2024
စစ်တွေတွင် ကုန်စည်စီးဆင်းမှု ပြတ်တောက်၊ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်နေ
Donate to DVB

ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမြို့မှာ စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေး ပိတ်ပင် ကန့်သတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲစဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီက ကုန်းလမ်း ၊ ရေလမ်း နှစ်ခုလုံးကို ပိတ်ဆို့ထားပါတယ်။ ဒါကြောင့် ကုန်စည် စီးဆင်းမှု ပြတ်တောက်သွားပြီး စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် အလုပ်အကိုင်လည်း မရှိတာကြောင့် စုဆောင်းထားတာလေးတွေကိုပဲ ပေါင်နှံရောင်းချ စားသောက်နေရတယ်လို့ စစ်တွေမြို့နေ  အမျိုးသမီးတယောက်က ပြောပါတယ်။

“လမ်းခရီးပိတ်ထားတာ တနှစ်နီးပါးရှိတော့မယ်၊ ဒီတနှစ်အတွင်းမှာတောင် ဒီလောက်ထိခက်ခဲနေတာ နောက်လာမယ့် ရက်တွေ နှစ်တွေ ဘယ်လောက်ကြာဦးမယ်ဆိုတာလဲ မသိဘူး။ နေ့တိုင်းလုပ်နေရတဲ့ အလုပ်တွေကလည်း ဖုန်းလိုင်း အင်တာနက်လိုင်းမရတော့ လုပ်လို့မရဘူး။ အလုပ်မရှိတာလည်း တော်တော်ကြာပြီ။ အခုတောင် ရှိတာလေးတွေကို ပေါင်နှံရောင်းချပြီး စားသောက်နေရတယ်။ ရေရှည်ဘယ်လိုထိုင်စားကြမှာလဲ ကုန်ဈေးနှုန်းတွေကလည်း တနေ့ထက်တနေ့တက်လာနေတာ။”

အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းမွှေးဆန်တအိတ်ကို  ၂၈၀၀၀၀ ကျပ်၊ စားသုံးဆီ ၁ လီတာ ၁၀၅၀၀ ကျပ်၊ ငရုတ်သီးခြောက်တစ်ပိသာ ၄၀၀၀၀ကျပ်၊ ကြက်သွန်နီ ၁၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၃၅၀၀၀ကျပ် ၊ ကြက်ဥတစ်လုံး ၁၀၀၀ ကျပ်၊ ဝက်သား တပိသာ ၆၀၀၀၀ ကျပ်၊ ကြက်ရင်အုံတခုကို ၁၆၀၀၀   ကျပ် ၊ အမဲသားတပိသာ ၇၀၀၀၀ ကျပ် အထိ၊ စက်သုံးဆီ တလီတာ ၂၅၀၀၀ နဲ့ မီးသွေးတအိတ်ကို ၃၆၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေတယ်လို့ စစ်တွေမြို့မှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ စစ်တွေမြို့ရဲ့ကုန်ဈေးနှုန်းတွေဟာ ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ စဖြစ်ပြီးနောက်ပိုင်း ၄ ဆကျော်အထိ ဈေးနှုန်းမြှင့်တက်နေတာလည်း ဖြစ်ပါတယ်။

စစ်တွေမြို့က တုတ်တုတ်မောင်းသူ တယောက်ကလည်း လမ်းခရီး ကန့်သတ်ချက်တွေကြောင့် အလုပ်မလုပ်နိုင်ဘဲ မိသားစုစားဝတ်နေရေးခက်ခဲမှုများစွာ ရှိနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့က တရက်လုပ်မှ တရက်စားရတဲ့သူတွေပါ။ အခုအလုပ်မရှိတာ တော်တော်ကြာပြီ။ အရင်ကတုတ်တုတ်မောင်းတယ် ဓာတ်ဆီဈေးတွေကတက်ပြီး ဆီရောင်းမယ့်ဆိုင်တွေလည်းမ ရှိတော့ဘူး။ ဆီလည်းပြတ်နေတာကြာပြီ။ တုတ်တုတ်လည်း မမောင်းနိုင်တော့ဘူး။ တခါတလေ သင်္ဘောဆိုက်ကပ်ရင် ကုန်တင်ကုန်ချ လုပ်တယ်။ အဲနေ့တရက်တော့ စားဝတ်နေရေး အဆင်ပြေတာပေါ့ဗျာ။ နောက်နေ့အလုပ်မရှိတော့ စားစရာလည်းမရှိဘူး။ ရှိတာလေးတွေကို ထိုင်စားနေတာလည်းကုန်ပြီ ဟိုကိုမသွားရ ဒီကိုမသွားရ စစ်သားတွေကိုကြောက်လို့ မသွားရနဲ့ ယောကျ်ားလေးမို့လို့ ဖမ်းမှာကြောက်ရတာကတမျိုး၊ အခုလိုမျိုး မသွားရ အလုပ်မလုပ်ရတော့ မိသားစုစားဝတ်နေရေးက ပိုပြီး ခက်ခဲတာပေါ့ဗျာ ဒုက္ခတွေကတော့အများကြီးပါပဲ။”

အခုလို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားတဲ့အတွက် ကုန်ဈေးနှုန်းမြင့်တက်လာပြီး စားဝတ်နေရေးတွေ ပိုခက်ခဲလာကြတဲ့အပြင် ခိုးဆိုးလုယက်မှုတွေလည်း ပိုများလာတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013