DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်၊ လေပြင်းတိုက် ရေကြီး မြေပြို သတိပေး
DVB
·
October 21, 2024
ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်၊ လေပြင်းတိုက် ရေကြီး မြေပြို သတိပေး
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး အောက်တိုဘာ ၂၃ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဌာနက  ခန့်မှန်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၁ ရက် ဒီနေ့မနက် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ  အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာ ၂၂ ရက်မှာ မုန်တိုင်းငယ် (Depression) ဖြစ်နိုင်ပြီး အောက်တိုဘာ  ၂၃ ရက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၁ ကြိမ်မှာ  ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ  နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ တချို့ဒေသတွေမှာ ဒေသအလိုက် မိုးကြီး၊ နေရာကွက် မိုးကြီးခြင်း၊ လေပြင်း တိုက်ခတ်နိုင်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုးသီးကြွေ၊ လျှပ်တပြက် ရေကြီး မြေပြို စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ် သတိထားဖို့၊ မြစ်ငယ်၊ ချောင်းငယ် နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ ပြည်တွင်း ရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေး ကြိုတင်သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ  ၉ ပေမှ ၁၁ ပေ လောက်ရှိနိုင်တယ်လို့ မိုးဇလထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013