DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားသမ္မတသစ်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ကျမ်းကျိန်
DVB
·
October 21, 2024
အင်ဒိုနီးရှားသမ္မတသစ်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ကျမ်းကျိန်
Donate to DVB

အင်ဒိုနီးရှားသမ္မတသစ်အဖြစ် အထူးတပ်ဖွဲ့တပ်မှူးတာဝန် ယူခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုဟာ အောက်တိုဘာ ၂၀ ရက်နေ့မှာ ကျမ်းကျိန်ခဲ့ပါတယ်။

အကြိမ်ကြိမ်ကျရှုံးခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းဟာ ရာထူးကအနားယူတော့မယ့် သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ သားဖြစ်သူကို ဒုသမ္မတနေရာပေးပြီး ကျောင်းနေအရွယ် ကလေးအားလုံးအတွက် နေ့လယ်စာ အခမဲ့ကျွေးမယ့် အစီအစဉ်လို မူဝါဒတွေနဲ့ မဲဆွယ်ခဲ့ပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ကျမ်းကျိန်ပွဲကို နိုင်ငံ့ခေါင်းဆောင် ၂၀ လောက် တက်ရောက်ခဲ့ပါတယ်။ တရုတ်ဒုတိယသမ္မတ ဟန်ကျန်း၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်၊ စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်၊ အရှေ့တီမောသမ္မတ ဇာနာနာဂုစ်မာအိုတို့ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

အသက် ၇၃ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်းဟာ တချိန်က ကျောင်းသားလှုပ်ရှားသူတွေကို ပြန်ပေးဆွဲရာမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံရသလို ပါပူအာနဲ့ အရှေ့တီမောမှာ အင်ဒိုနီးရှားစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါ ပတ်သက်မှုရှိတယ်လို့လည်း ဝေဖန်ခံရသူ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ကြီးဟောင်းဟာ သူ့ကိုသူ ချစ်စရာကောင်းတဲ့ ဘိုးဘိုးတယောက်အဖြစ် ပုံဖော်နိုင်ခဲ့ပြီး ဂျိုကိုဝီသားကိုပါ ဒုသမ္မတလောင်းနေရာပေးပြီး လူထုကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမှာ မဲ ၆၀ ရာခိုင်နှုန်းနီးပါး ရခဲ့သလို လွှတ်တော်ထဲမှာလည်း ၉ လအတွင်း အားကောင်းတဲ့ ညွန့်ပေါင်းအုပ်စုကို စုစည်းထားနိုင်ပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှား သမ္မတသစ် ပရာဘိုဝို ဆူဘီယန်တိုက တိုင်းပြည်ကို တိုက်စားနေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ နိုင်ငံအတွင်း ကိုယ့်ထုတ်လုပ်မှုနဲ့ကိုယ် ဖူလုံစေရေး ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

အသက် ၇၃ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်းဟာ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့  အထူးတပ်ဖွဲ့တပ်မှူးဟောင်း ဘဝကနေ လူဦးရေ သန်း ၂၈၀ ရှိတဲ့နိုင်ငံကို ပြည်သူ့ဆန္ဒမဲနဲ့ အနိုင်ရဦးဆောင်သူ ဖြစ်လာခဲ့တာပါ။

ရိုးရာခေါင်းပေါင်းအနက်၊ အပြာရောင်ဝတ်စုံ၊ အညိုနဲ့ ရွှေရောင်ရောထားတဲ့ ရိုးရာလုံချည်ကို ဝတ်ဆင်ထားတဲ့ ပရာဘိုဝိုဟာ အင်ဒိုနီးရှားသမိုင်းမှာ ၈ ယောက်မြောက်သမ္မတ ဖြစ်လာခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲ နှစ်ကြိမ်တိုင်အောင် ရှုံးခဲ့တဲ့ ပရာဘိုဝိုဟာ သူ့ကိုယ်သူ ချစ်စရာကောင်းတဲ့ (CUTE) ဖြစ်တဲ့ ဘိုးဘိုးတယောက်အသွင် ပြောင်းလဲခဲ့သလို  လူကြိုက်များတဲ့ သူ့ရှေ့က သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ သားဖြစ်သူကို ဒုတိယသမ္မတနေရာပေးပြီး ဝင်ပြိုင်တော့မှ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပရာဘိုဝိုက ပြည်သူအားလုံး လွတ်လပ်တဲ့  လွတ်မြောက်တဲ့နိုင်ငံကိုပဲ အမြဲအာရုံပြုရမယ်၊ လွတ်လပ်တယ်ဆိုရာမှာ အကြောက်တရား၊ ဆင်းရဲမွဲတေမှု၊ အငတ်ဘေး၊ ပညာမဲ့မှု၊ ဖိနှိပ်မှု၊ အတိဒုက္ခ ခံစားရမှုတွေ အားလုံးက လွတ်မြောက်ရမယ်လို့ ဆိုလိုကြောင်းပါ ပြောကြားခဲ့ပါတယ်။

ဂျိုကိုဝီရဲ့သားဖြစ်သူ အသက် ၃၇ နှစ်သာရှိတဲ့ ဂီဘရန် ရာကာဘူမင် ရာကာဟာ ပရာဘိုဝိုရဲ့ လက်ထောက် ဒုတိယသမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။

ပရာဘိုဝိုရဲ့ အစိုးရသစ်မှာ ပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေ ရောပြွန်းနေ‌ေပမဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဝန်ကြီးနေရာတွေမှာတော့ ဂျိုကိုဝီလက်ထက်က လူတွေပဲ ပြန်ခန့်ထားတာ တွေ့ရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးနေရာမှာတော့ ပရာဘိုဝိုလိုပဲ စစ်တပ်အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဆူဂီယိုနိုကို ခန့်ထားတာ တွေ့ရပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013