
ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းရှေ့မှောက်မှာ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းရဲ့ အစိုးရ အဖွဲ့သစ်ဟာ ဧပြီ ၆ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
အဲဒီနောက် လက်ရှိလောင်စာဆီ အကျပ်အတည်း ကာလအတွင်း ပြည်သူလူထုရဲ့ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကို ချက်ချင်းလျှော့ချမယ်လို့ ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီလမှာ ညွန့်ပေါင်းအစိုးရသစ်တရပ်ကို ဦးဆောင်ဖို့ ပြန်ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ အနုတင် ဟာ ပထမဆုံးအစိုးရအဖွဲ့ အစည်းအဝေးအပြီး ညဉ့်နက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲတရပ်ကို ကျင်းပခဲ့ပါတယ်။
ရှင်းလင်းပွဲအတွင်း အနုတင်က သူ့အစိုးရဟာ ထိုင်းပြည်သူတွေအတွက် စွမ်းအင်ကုန်ကျစရိတ်တွေကို လျှော့ချဖို့ လောင်စာဆီနဲ့ လျှပ်စစ် အပါအဝင် စွမ်းအင်အခြေခံအဆောက်အအုံတွေရဲ့ ဈေးနှုန်းတွေကို ချိန်ညှိပေးမယ်လို့ ပြောခဲ့ပါတယ်။
ခုသီတင်းပတ်နှောင်းပိုင်းမှာ ဝန်ကြီးချုပ်က သတ်မှတ်ထားတဲ့ မူဝါဒမူကြမ်းအရ ထိုင်းနိုင်ငံဟာ နည်းပညာအသုံးပြုမှုကတဆင့် ကျယ်ပြန့်တဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်မှာဖြစ်ပြီး ပိုမြန်မြန်တိုးတက်မှုကို ရည်ရွယ်ရင်း စီးပွားရေးကုန်ကျစရိတ်တွေကို လျှော့ချမယ်လို့ ဖော်ပြထားပါတယ်။
မူကြမ်းထဲမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် ပံ့ပိုးမှု၊ ငွေကြေးပိုလွယ်လွယ် ဝင်ရောက်နိုင်မှု၊ ဉာဏ်ရည်တု နည်းပညာ၊ တပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ သန့်ရှင်းတဲ့ စွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အလေးပေးဖော်ပြထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မူဝါဒကြေညာချက်ကို အနုတင်က ဧပြီ ၉ ရက်ကနေ ၁၀ ရက်အထိ လွှတ်တော်မှာ ဖတ်ကြားဖို့ စီစဉ်ထားပါတယ်။











