DVB Logo
Home
မြန်မာသတင်း
ပန်ဝါမြို့ကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်
DVB
·
October 19, 2024
ပန်ဝါမြို့ကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်
Donate to DVB

ကချင်ပြည်နယ် အထူးဒေသ ၁ က စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့  BGF (နယ်ခြားစောင့်တပ်) ပူးပေါင်း တပ်ဖွဲ့အခြေစိုက်ရာ ပန်ဝါမြို့ကို အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက် ၈ နာရီ ဝန်းကျင်မှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က အလုံးစုံ သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်း အသိုင်းအဝိုင်း ဆီက သိရပါတယ်။

KIA ရှေ့တန်းနဲ့ နီးစပ်သူတယောက်က “ပန်ဝါမြို့ကို အောက်တိုဘာ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ အပြီးသတ် ရှင်းလင်းသိမ်းပိုက်လိုက်ပြီ” လို့ ပြောပါတယ်။

အဲဒီနေရာဟာ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ပေါင်းထားတဲ့ တပ်စခန်းကြီးဖြစ်ပြီး လက်ရှိမှာတော့ အကုန် ကင်းစင်သွားပြီလို့ သူက ပြောပါတယ်။

KIA စစ်သည်တယောက်က “ပန်ဝါ သိမ်းနိုင်ပြီ။ လချီ အတော်လေးကို ကြိုးစားပြီး တိုက်လာရတာ။ ကြိုးစားခြင်းရဲ့ ရလဒ်ပဲ” လို့ မှတ်တမ်းဗွီဒီယိဖိုင်မှာ ပြောထားပါတယ်။

ဒေသခံစစ်ရှောင်တွေကတော့ တရုတ်ဘက်က ဝင်ခွင့်မပြုလို့ နယ်စပ်ဂိတ်သွားရာလမ်းမှာ ကားတွေလည်း အများကြီး ပိတ်မိနေတယ်လို့ သူက ပြောပါတယ်။

ပန်ဝါမြို့ အနီးအနားမှာ တိုက်ပွဲဖြစ်ပွားလာတာနဲ့ တရုတ်နယ်စပ်ဂိတ်က ပန်ဝါမှာ အလုပ်လာလုပ်တဲ့ တရုတ်နိုင်ငံသားတွေကိုပဲ တရုတ်ဘက်ဝင်ခွင့်ပြုပြီး စစ်ဘေး ဒုက္ခသည်တွေကိုတော့ ဝင်ခွင့်မပေးတဲ့အပြင် နယ်စပ်စည်းရိုးနား လာမကပ်ဖို့ တားထားတာကြောင့် စစ်ဘေးဒုက္ခသည်အများအပြား နယ်စပ်ဂိတ်နား စုပြုံပိတ်မိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ ဌာနချုပ်နယ်မြေ၊ လိုင်ဇာမြို့အနီးက လမိုင်းယန်ရွာကိုလည်း စစ်ကောင်စီတပ်က အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပန်ဝါမြို့က လောင်ဝေါ် ခရစ်ယာန်ဘုရားကျောင်းအနီးက စခန်းကိုတော့ အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၅ လောက်က သိမ်းပိုက်လိုက်ပြီး စခန်းကိုလည်းမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ပန်ဝါဒေသစိုးမိုး ဖူလိုရှန်း ပွိုင့် ၃၀၁၁ နဲ့ချန်းယင်ခူး တပ်စခန်းတို့ကိုပါ သိမ်းပိုက်ခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့က ပန်ဝါမြို့နဲ့ ၃ မိုင်ခန့်အကွာက ကီးကျားပါကချန်းယင်ခူး ဂိတ်စခန်း၊ ကန်ပိုက်တည်လမ်းက လဖိုင်နဲ့  အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ကြားက ဒွန်ဘန်ခ တံတားစခန်းကိုသိမ်းပြီးနောက်  ကံပိုက်တည်၊ စင်ကြိုင်ရွာ အခြေစိုက် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရဲ့ ကာကင်းစခန်း ၃ ခု ကိုလည်း ထပ်ပြီးသိမ်းလိုက်တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ပန်ဝါမြို့အနီး လုပီရွာအခြေစိုက် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် (BGF) ဌာနချုပ်ကို  KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂ ရက်မနက်က ဆော့လော်မြို့၊ စက်တင်ဘာ ၂၉ ရက်နေ့က ချီဖွေမြို့နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် ပူးပေါင်းတပ်စခန်းတချို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013