DVB Logo
Home
မြန်မာသတင်း
ဘုတလင်နှင့် ကနီကို လေကြောင်းမှ  တိုက်ခိုက်၊ ရွာ ၁ ရွာကို စစ်တပ် မီးရှို့
DVB
·
October 19, 2024
ဘုတလင်နှင့် ကနီကို လေကြောင်းမှ  တိုက်ခိုက်၊ ရွာ ၁ ရွာကို စစ်တပ် မီးရှို့
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက ရွာတရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မနေ့ကရော ဒီနေ့ပါ ဘုတလင်နဲ့ ကနီမြို့နယ်တို့ကို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၇ ရက်ကလည်း စီပါကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာခံ ၅ ယောက်ထက် မနည်းကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလာတဲ့ ကျွဲသေချာင်းရွာသား တယောက်က “စီပါရွာဘက်ကနေ ကူးလာတဲ့ တပ်စစ်ကြောင်းက ကျနော်တို့ ရွာထဲကို ဝင်ပြီး တပ်စွဲတယ်။ အိမ်တွေထဲဝင်ပြီး ပစ္စည်းတွေ လုရုံတင်မက အိမ်တွေကိုပါ မီးရှို့တယ်။ ကျနော်တို့ ရွာသားတွေ တော်တော်များများက သူတို့ စစ်ကြောင်း စီပါရွာရောက်ကတည်းက ကြိုရှောင်ထားကြတာ ၃၊ ၄ ရက်ရှိပြီ။ ဒါတောင် ရွာထဲမှာ အစောင့်ကျန်ခဲ့တဲ့သူတွေကို ဖမ်းထားတယ်လို့ သိရတယ်။ ဖုန်းလိုင်းတွေလည်း မမိဘူး။ ဖြတ်ခံထားရတယ်” လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းမှာ စီပါကျေးရွာကတဆင့် ကျွဲသေချာင်း ရွာကို ဝင်ရောက်တပ်စွဲပြီး ပြည်သူပိုင်ပစ္စည်းတွေကို လုယူသလို နေအိမ်တွေကို မီးရှို့ ဖျက်ဆီး နေတာဖြစ်တယ်လို့ သိရပါတယ်။

ဘုတလင် PDF တပ်ဖွဲ့ရဲ့ တာဝန်ခံ တယောက်က “မုံရွာ နမခ စစ်ကြောင်းက ဘုတလင် မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာ အင်အား ၁၀၀ ကျော်လောက်ရှိမယ်။ သူတို့ စစ်ကြောင်းထိုးခဲ့တဲ့ မြောက်ကျီ၊ တက်လှိုင်း၊ စီပါရွာတွေကနေ အခု ကျွဲသေချာင်းရွာကို ဝင်တာ။ သူတို့စစ်ကြောင်းမှာပါတဲ့ကောင်တွေက တွေ့သမျှ ရွာတွေ ဝင်ပြီး ပစ္စည်းလုတယ်။ ပြည်သူတွေကို အကြောင်းမဲ့သတ်တယ်။ လူသားဒိုင်းလုပ်ဖို့ ဖမ်းတယ်။ အိမ်တွေကိုလည်း မီးရှို့တယ်။  ကျနော်တို့ဘက်ကလည်း လုပ်သင့်လုပ်ထိုက်တာတွေလုပ်ဖို့ သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ သူတို့ ရှိနေသေးလို့ အိမ်တွေဘယ်လောက် မီးလောင်ပျက်စီးသွားလည်း မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းထိုးရာလမ်းတလျှောက်မှာရှိတဲ့ကျေးရွာတွေက ဒေသခံ ၂၀ နီးပါးကို အကြောင်းမဲ့သတ်ဖြတ်ခဲ့သလို ဒေသခံအများအပြားကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး သွားတယ်လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်က ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကနေ ဘုတလင်မြို့ကို ပြန်လာတဲ့ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃၃ ယောက် သေဆုံးကာ ဗိုလ်ကြီး ၂ ယောက် အပါအဝင် စစ်သုံ့ပန်း ၄၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၅၆ လက်နဲ့အတူ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ပြီးနောက် စစ်​ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့နယ်ထဲ ကို မြေပြင်ထိုးစစ်ရော လေကြောင်းကနေပါ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဘုတလင်မြို့နယ်နဲ့ ကနီမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်မှာ လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်းက ညောင်ကန်ရွာကို အောက်တိုဘာ ၁၉ ရက် နေ့လယ် ၂ နာရီခွဲ ကျော်မှာ စတင် တိုက်ခိုက်တာလို့ သိရပါတယ်။

ညောင်ကန်ရွာသားတယောက်က “သူတို့က စိုင်ပြင်လေးရွာကနေ ကျနော်တို့ ညောင်ကန်ရွာဘက် ကို ကင်းထောက်ဒရုန်းလွှတ်ပြီး ကြည့်တယ်။ ရွာသားတွေ ရွာထဲကနေ ထွက်ပြေးနေတာတွေမြင်ပြီး PDF တွေအထင်နဲ့ လေယာဉ်ခေါ်ပြီး ပစ်တာနေမယ်။ PDF မရှိဘူးလားဆိုတော့ ရွာထဲက မပြေးနိုင်မလွှားနိုင်တဲ့ အဖိုး၊ အဖွားတွေနဲ့ နာတာရှည်လူနာတွေ ကယ်ထုတ်ပေးနေတာတော့ ရှိတယ်လေ။ လေယာဉ်နဲ့က ရွာထဲကိုပစ်သွားတာ။ ပစ်တဲ့အကြိမ်အရေအတွက်က ၆ ကြိမ် အထက်မှာ ရှိတယ်။ အခုတောင် နမခကနေ ၁၂၀ မမ လို့ခေါ်တဲ့ ဟောင်ဝစ်ဇာနဲ့ ထုနေတာ ၅ လုံး အထိရှိနေပြီ” လို့ ပြောပါတယ်။

အလားတူ ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝသွား ကားလမ်းမအနီး  မဟူတောင်ပေါ်မှာရှိတဲ့ စစ်တပ်တာဝါတိုင် အထိုင်စခန်းအနီးကို အောက်တိုဘာ ၁၈ ရက် နေ့ခင်းပိုင်က ၂ ကြိမ်၊ ၁၉ ရက် က ၃ ကြိမ် လေယာဉ်နဲ့ တိုက်ခိုက်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

အဲဒီနားမှာ တိုက်ပွဲတွေဖြစ်နေတာရှိတယ်လို့လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က ပြောပါတယ်။

“အောက်တိုဘာ ၁၈ ရက် မနက်ခင်းအစောပိုင်းက တိုက်ပွဲစဖြစ်တယ်။ သူတို့ဘက်က စခန်းအနီးပတ်ပတ်လည်ကို နင်းမိုင်းတွေ ထောင်ထားတယ်။ ကျနော်တို့ နင်မိုင်း‌‌တွေကျော်ပြီး စခန်းအနီးအထိ ချဉ်းကပ်နိုင်တဲ့အချိန် နမခကနေ လေယာဉ်နဲ့ ဗုံး ၂ ကြိမ်ကြဲသွားတယ်။ ရဲဘော် ၅ ဦးကတော့  ဒဏ်ရာရရှိခဲ့တယ်။ ဒီနေ့မနက် ၉ နာရီလောက်ကလည်း လေယာဉ်နဲ့ ၃ ကြိမ်ပတ်ပြီး ဗုံးကြဲသွားသေးတယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မနေ့ကတည်းက တပ်ဆုပ် ပြန်လာခဲ့တာဆိုတော့ အထိခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။

လေကြောင်းကနေ တိုက်ခိုက်လာတာကြောင့် ပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013