
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ရေနံ့သာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ ရခိုင်စစ်ဘေးရှောင် အမျိုးသားကို ရေကြည်တရားရုံးက ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားနေလို့ ဧရာဝတီတိုင်းကို စစ်ဘေးရှောင်လာတဲ့ ဒေသခံအရပ်သား ၅ ယောက်ကို အောက်တိုဘာ ၆ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
တရားရုံးနဲ့ နီးစပ်သူတယောက်က “ဖမ်းဆီးခံရတဲ့သူတွေထဲက အမျိုးသားတယောက်ကို စစ်ကောင်စီ လက်အောက်ခံ ရေကြည်တရားရုံးက အောက်တိုဘာ ၁၄ ရက် က ထောင်ဒဏ်ချမှတ်တာလို့သိရတယ်။ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က တပ်ဖွဲ့ဝင်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ထောင်ဒဏ် ၆ နှစ်အထိ အမိန့်ချတာ” လို့ ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ ၁ ယောက် အပါအဝင် ၅ ယောက်ဟာ စစ်ကောင်စီတပ်နဲ့ AA တို့ ရက်ဆက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ အရပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ရေနံ့သာ စစ်ဆေးရေးဂိတ်ကနေ အဖမ်းခံရတာ။ မိန်းကလေး ၃ ယောက်၊ ကလေး တယောက် အပါအဝင် အားလုံး ၅ ယောက်ပါ။ ၅ ယောက်ထဲက ၄ ယောက်က ဖမ်းဆီးခံထားရဆဲ။ တယောက်ကို ထောင်ဒဏ်ချလိုက်တာ။ AA တပ်ဖွဲ့ဝင်ဆိုပြီး စစ်ကောင်စီ တရားရုံးက ချက်ချင်းအမိန့်ချတာ” လို့ပြောပါတယ်။
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာရောက်နေတဲ့ ရခိုင်က စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက် အပါအဝင် ၄ ယောက်ကိုလည်း အောက်တိုဘာ ၁၁ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။










