DVB Logo
Home
မြန်မာသတင်း
တန့်ယန်းတွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းအပါအဝင် တရားမဝင်လုပ်ငန်းတွေ ပေါများလာ
DVB
·
October 18, 2024
တန့်ယန်းတွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းအပါအဝင် တရားမဝင်လုပ်ငန်းတွေ ပေါများလာ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်မြို့မှာ မြန်မာ-တရုတ်နယ်စပ်က အွန်လိုင်းငွေလိမ်ညာမှု (ကျားဖြန့်)လုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေကို လာရောက် ဖွင့်လှစ်လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ယန်းမြို့ခံတယောက်က “ပန်ဆန်းမှာ ကျားဖြန့်တွေဖမ်းတော့ အဲ့ဒီကဟာတွေ တန့်ယန်းကို လာဖွင့်ကြတယ်။ ခြံအကျယ်ကြီးတွေကို အုတ်တံတိုင်း အမြင့်ကြီးခတ်ပြီး အထဲမှာ ဝန်းထမ်းပေါင်း ရာနဲ့လုပ်နေကြတယ်။ အပြင်လူပေးမဝင်ဘူး။ ကျားဖြန့်ရုံအကြီးကြီးက ၃ ခုထက်မနည်းရှိတယ်။ အထဲမှာ ပြည့်တန်ဆာခန်းကအစ ကုန်ဖွင့်ထားပေးတယ်” လို့ ပြောပါတယ်။

မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ် ‘ဝ’ ပြည်မှာ အွန်လိုင်းငွေလိမ် (ကျားဖြန့်)လုပ်ငန်းတွေ ဖမ်းဆီးတဲ့ ၂၀၂၃ ခုနှစ်ကစပြီး တန့်ယန်းမြို့ပေါ်မှာ အွန်လိုင်းငွေလိမ်ညာမှု (ကျားဖြန့်)လုပ်ငန်း၊ လောင်းကစားလုပ်ငန်းတွေအပြင် ပြည့်တန်ဆာလုပ်ငန်း၊ KTV လုပ်ငန်းနဲ့ မူးယစ်ဆေးဝါးအမျိုးမျိုးလည်း ပေါများလာတယ်လို့လည်း သိရပါတယ်။

တန့်ယန်းမြို့ခံတယောက်က “ဝန်ထမ်းရာချီရှိတဲ့ ကျားဖြန့်ရုံကြီးက ၃ ခုမကဘူးပြီးတော့ မြို့စွန်မှာ လေးကောင်ဂျင်အပါအဝင် လောင်းကစားမျိုးစုံ ရုံကြီးက တခု၊ ရပ်ကွက်  ၁၀ ထဲမှာ ငမန်းခုံ တခု၊ မြို့ထဲမှာပေါ်တင်ဖွင့်ထားတဲ့ အမည်မတပ်တဲ့ ပြည်တန်ဆာခန်းက ၇ ခုရှိတယ်။ KTV က ASIA၊ CSJ၊ M3၊ V- bar အပြင် ရိုးရိုးဘားတွေရှိသေးတယ်။ မှိုလိုပေါက်နေတဲ့ KTV တွေမှာ K၊ Happy၊ ရာမလို မူးယစ်းဆေးအကုန်ရတယ်” လို့ ဆိုပါတယ်။

တန့်ယန်းမြို့က တရားမဝင်လုပ်ငန်းမျိုးစုံဟာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်မတော်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးပိုင်းအပြင် ဌာနအသီးသီးနဲ့ ပတ်သက်နေကာ လောင်ကစားနဲ့ မူးယစ်ဆေးဝါးတွေကြောင့် လူငယ်တွေ စာရိတ္တပျက်ပြားလာနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။

မြို့ခံတယောက်က “ တန့်ယန်းက ကျားဖြန့်တွေ လောင်းကစားရုံတွေက စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးတွေက ခွင့်မပြုဘဲ လုပ်လို့မှ မရတာ။ သူတို့တွေ အားလုံးပါဝင်ပတ်သက်နေတယ်။ လောင်းကစားနဲ့ မူးယစ်းဆေးဝါးတွေကြောင့်လူငယ်တွေ ပျက်စီးတာတော့ အမှန်ပဲ။ မူးယစ်ဆေးကြောင့် အသက်ဆုံးရှုံးရတဲ့ လူငယ်တွေတောင်ရှိတယ်” လို့ဆိုပါတယ်။

လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်ဟာ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ရဲ့ ထိန်းချုပ်နယ်မြေနဲ့ နယ်နိမိတ်ခြင်းထိစပ်နေတဲ့ မြို့နယ်တခုပါ။ တန့်ယန်းမြို့နယ်မှာ စစ်ကောင်စီရဲ့ အခြေစိုက် တပ်ရင်းဌာနချုပ်တွေရှိပြီး အုပ်ချုပ်ရေးယန္တရားလည်း လည်ပါတ်နေဆဲဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က လက်ရှိဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းကာလအတွင်း ဇူလိုင် ၁၁ ရက်နေ့မှာတော့ UWSA ‘ဝ’ တပ်ဖွဲ့ဟာ ဒေသခံတွေရဲ့ တောင်းဆိုချက်အရ လက်ရှိ ရှမ်းမြောက်က စစ်ရေးပဋိပက္ခတွေ ကူးစက်မလာအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ဆိုပြီး တန့်ယန်းမြို့တွင်းကို ဝင်ရောက်ကာ အင်အားထောင်နဲ့ချီပြီး တပ်စွဲထား ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013