DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၁ ဦးဖမ်းမိ၊ ဘုတလင် စီပါရွာကို စစ်တပ် က မီးရှို့
DVB
·
October 18, 2024
ဒီပဲယင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၁ ဦးဖမ်းမိ၊ ဘုတလင် စီပါရွာကို စစ်တပ် က မီးရှို့
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီဲပဲယင်းမြို့မှာ အောက်တိုဘာ ၁၇ ရက် မနက် ၈ နာရီဝန်းကျင်က ဒီပဲယင်းမြို့မရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတယောက်နဲ့ ပျူစောထီးတယောက်တို့ သေဆုံးပြီး စစ်ကောင်စီတပ်သား တယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ဒီပဲယင်း (အဖြူရောင်) ပကဖ ဆီကနေ သိရပါတယ်။

ဒီပဲယင်း (အဖြူရောင်) ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ဒီပဲယင်းရဲစခန်းမှာ ပြန်ပြီး တပ်စွဲနေတဲ့ကောင်တွေ အပြင်ထွက်လာတာကို သတင်းရလို့ စောင့်တိုက်ခဲ့တာပါ။ BE တပ်က စစ်သားတယောက်နဲ့ ပျူစောထီးငသော် တို့ကတော့ နေရာမှာတင် သေတယ်။ နောက်တယောက်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်။ စစ်သားတယောက်ကိုတော့ လက်နက်နဲ့အတူ အရှင်ဖမ်းမိတယ်” လို့ DVB ကို ပြောပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားဟာ အသက် ၂၂ နှစ်အရွယ် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ဇာတိ ကိုယ်ပိုင်အမှတ် တ-၅၈၅၄၆၇ တပ်သား ဇော်ဇော်လှိုင် ဖြစ်ကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ စစ်တပ်ထဲကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ တပ်သား ဇော်ဇော်လှိုင်ကို MA1 သေနတ်တလက် (G-031119) နဲ့ ၅.၅၆ ပကစထုတ် ကျည် ၁၄ တောင့်တို့နဲ့အတူ ဖမ်းဆီးရမိတာလို့ သိရပါတယ်။

ဒီပဲယင်း (အဖြူရောင်) ပကဖ ရဲ့ တာဝန်ခံတယောက်က “ရဲစခန်းထဲမှာ တပ်စွဲနေတဲ့ကောင်တွေ စားစရာမရှိတော့လို့ အပြင်ထွက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးဖို့လုဖို့ ထွက်လာတာလို့ သိရတယ်။ အရှင်ဖမ်းမိတဲ့ ဇော်ဇော်လှိုင် က အလင်းဝင်လာတာ မဟုတ်ပါဘူး။ တိုက်ပွဲအတွင်းမှာ အရှင်ဖမ်းမိခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒီပဲယင်း (အဖြူရောင်) ပကဖနဲ့အတူ A2K ပကဖ၊ ပေါင်ချိန် ပကဖ၊ ခင်ဦးမြို့နယ် NAA-DF၊ ခင်ဦးမြို့နယ် LBBGH တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီပဲယင်းမြို့ပေါ်မှာ အောက်တိုဘာ ၁၇ ရက် ည ၇ နာရီဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ည ၉ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို ၂ ကြိမ် ဗုံးကြဲချခဲ့ပြီး ဗုံးကြဲခံရတဲ့နေရာနဲ့ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒီပဲယင်း (အဖြူရောင်) ပကဖ ဆီကနေ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ဒီပဲယင်းမြို့ကို ဩဂုတ် ၁၅ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၁၈ ရက်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကာ စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးသလို အလံဖြူထောင် လက်နက်ချသူ ၁၂၃ ယောက်နဲ့ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဘက်က မြေပြင်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ပြန်လည်ဆုတ်ခွာပေးခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကိုလည်း စစ်ကောင်စီတပ်က အောက်တိုဘာ ၁၇ ရက် မနက် ၈ နာရီလောက်ကစပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဘုတလင်မြို့ကနေ အရှေ့ဘက် လွဲတဲရွာ၊ ထန်းရွာ၊ တလိုင်းရွာဘက်ကနေ စစ်ကြောင်းထိုးလာပြီး စီပါရွာကို မီးရှို့နေတာလို့ ဆိုပါတယ်။

ရွာသားတယောက်က “ဒီစစ်ကြောင်းက မုံရွာမြို့ နမခ တိုင်းစစ်ဌာနချုပ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်း။ ဘုတလင်မြို့ထဲလည်း ပြည်သူတွေကို သတ်တယ်၊ တွေ့သမျှ ပြည်သူတွေကိုလည်း ဖမ်းဆီးပြီး စစ်ကြောင်းထဲ ခေါ်သွားတာလည်း ရှိတယ်ဗျ။ တလိုင်းရွာထဲ ၃ ရက် စခန်းချပြီး ရွာထဲက ပြည်သူနေအိမ်တွေထဲ မွှေနှောက်ရှာဖွေတာတွေ လုပ်သွားတယ်။ နောက်ပြီး နွား၊ ဆိတ်၊ ကြက်တွေ သတ်စားသွားတယ်။ ရွာထဲက အိမ်တလုံး မီးရှို့သွားပြီး အခုမီးရှို့နေတဲ့ စီပါရွာဘက် စစ်ကြာင်းထွက်သွားတာဗျ။ အခုလည်း စီပါရွာကို မီးရှို့နေတယ်။ စစ်ကြောင်းက ရွာထဲက မထွက်သေးတော့ ဘာမှမသိရသေးဘူး။ စစ်ကြောင်းက သတ်ဖြတ်တာကြမ်းတော့ ကျနော်တို့ ဘုတလင်အရှေ့ခြမ်းက ပြည်သူတွေကတော့ အကုန်စစ်ဘေးရှောင်နေကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် မီးရှို့နေတဲ့ စီပါရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး စက်တင်ဘာ ၃၀ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ စစ်ကြာင်းတခုလုံး စစ်ရှုံးခဲ့တဲ့ နေရာနဲ့ အနီးဆုံးကျေးရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘုတလင် ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “စစ်ကြောင်းက သာမန်စစ်ကြောင်း မဟုတ်ဘူး။ ဘာလို့ သာမန်စစ်ကြောင်း မဟုတ်တာလဲ ဆိုတော့ အရပ်သား ၁၅၀ ကျော် ဓားစာခံဖမ်းပြီး စစ်ကြောင်းထဲ ခေါ်သွားတာတွေ လုပ်တယ်။ အထူးသဖြင့် အမျိုးသမီးအများစုကို ဖမ်းဆီးပြီး ဓားစာခံလုပ်တယ်။ ကလေးငယ်တွေရော၊ ကိုရင်တွေရောပါ စစ်ကြောင်းအတွင်း ဖမ်းဆီးထားတယ်။ အဲလို အရပ်သား‌တွေပါနေတော့ ကျနော်တို့ ထိပ်တိုက်တိုက်ပွဲမဖြစ်အောင် ရှောင်နေတာ။ ကျနော်တို့ကို တိုက်ပွဲဖြစ်အောင် စီပါရွာကို မီးရှို့ပြီး စိတ်တိုအောင်လုပ်နေတာ။ သူတို့ဗျူဟာကို ကြောက်လို့ မတိုက်တာ မဟုတ်ဘူး။ စစ်ကြောင်းအတွင်း အရပ်သား ၁၅၀ ကျော် ပါနေလို့ပါ” လို့ ပြောပါတယ်။

စစ်ကြောင်းလာလို့ မြောင်ကျီ၊ တလိုင်း၊ စီပါ၊‌ မြောက်တောကြီး၊ ရွာရှည်၊ ပဲပစ်တောအနောက်ရွာနဲ့ အရှေ့ရွာ၊ ကြို့ကုန်း၊ ဆိတ်သာကန်၊ ငပယင်း၊ မြင်သာ၊ နတ်ရွာ၊ အုပ်ဖို၊ ရှမ်တဲ၊ နှောယင်း၊ သပြေပင်၊ မြို့သချောင်း စတဲ့ကျေးရွာက ပြည်သူသောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အင်အား များတာကြောင့် စားသောက်ရေးအတွက် ရိက္ခာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013