DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် ဘယ်လဲ ဘာလဲ 
DVB
·
October 17, 2024
စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် ဘယ်လဲ ဘာလဲ 
Donate to DVB

စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် ဖြစ်ပေါ်ခဲ့ရင် မြန်မာပြည်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရေးနဲ့ ပတ်သက်ပြီး တရုတ်ဘက်က လိုလားချက်တွေကို ခေါ်ပြောတာဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် နိုဝင်ဘာလမှာ တရုတ်နိုင်ငံကို သွားဖို့အစီအစဉ်ရှိတယ်လို့ နေပြည်တော်ရင်းမြစ်တွေကို ကိုးကားပြီး သတင်းမီဒီယာတချို့မှာ ဖော်ပြချက်တွေရှိနေတာပါ။

စစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်အစိုးရအဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံဖို့ ရှိမရှိ၊ သွားတဲ့အကြောင်းရင်းနဲ့ အသေးစိတ်အခြေအနေတွေကို တရုတ်နိုင်ငံဘက်က အတည်ပြုထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

ဩဂုတ်လတုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက တရုတ်နဲ့ဆက်ဆံရေးပြန်ကောင်းလာအောင် အားထုတ်မှုတွေရှိခဲ့တာပါ။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းစအစောပိုင်းကာလတွေတုန်းက တရုတ် အပါအဝင် နိုင်ငံတကာရဲ့အကြံပြုချက်တွေကို လေးစားမှုမရှိခဲ့ဘဲ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းကာလ စစ်ရေးအခြေမလှတော့မှ တရုတ်နဲ့အာဆီယံနိုင်ငံတွေကို နိုင်ငံရေးအရ ပြန်လည်ချဉ်းကပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “တရုတ်က သူတို့ရဲ့စီမံကိန်းက မြန်မာပြည်မှာ အပစ်အခတ်တွေ ရပ်စဲပြီးရင် သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီး ဖြစ်အောင် သူ ကြိုးစားနေတယ်ဗျ။ အဲဒီဟာရဲ့အဆက်ထင်တယ်။ မင်းအောင်လှိုင်ဘက်ကလည်း ဆက်ပြီးတော့ အကြမ်းပတမ်း တိုက်မယ် ဘာမယ် ကြိမ်းမောင်းနေတာလည်း ရှိတာကိုးနော်။ အဲဒါကြောင့်မို့ ဒီဟာ ခေါ်တွေ့တယ် ထင်တယ်။ စစ်ကောင်စီက အခုအချိန်အထိ သူဆက်ပြီးတိုက်ရင်နိုင် နိုင်ဦးမယ်လို့ ထင်ပုံရတယ်။ လျှော့မယ်တော့ မထင်သေးဘူး။ ရနိုင်သမျှသူ ကုတ်ကပ်ပြီးတော့ သူ့ထွက်ပေါက်တွေ ဟိုမှာရမလား၊ ဒီမှာရမလား ကြိုးစားမယ်ထင်တယ်။ တော်လှန်ရေးသမားတွေကလည်း ဒီစစ်တပ်ကို မပြုတ်ပြုတ်အောင်တိုက်ဖို့ပဲ။ တရုတ်က ဒီလောက်ပြောနေတဲ့ကြားထဲက ပင်လည်ဘူးတို့၊ သီပေါတို့ ရလိုက်တဲ့ကိစ္စတွေ ခင်ဗျားလည်း ကြားမှာပဲလေ။ ပြည်သူတွေကတော့ နောက်ဆုတ်တော့မှာ မဟုတ်တော့ပါဘူး”လို့ ပြောပါတယ်။

ဩဂုတ်လကစပြီး ဒေသတွင်း အဓိကပြိုင်ဘက် အိန္ဒိယနိုင်ငံမှာ ခန့်အပ်ထားတဲ့ သံအမတ် မစ္စမာကျားကို မြန်မာနိုင်ငံမှာ သံအမတ်အဖြစ် ရွှေ့ပြောင်းတာဝန်ထမ်းဆောင်စေတာ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံတာ၊ မန္တလေးမှာ တရုတ်ကောင်စစ်ဝန်အသစ် ခန့်အပ်တာ၊ မြန်မာ့အရေး သူတို့ လိုလားချက်တွေကို အတိအလင်း ထုတ်ဖော်ပြောဆိုတာ၊ အာဏာရှင်ဟောင်းတွေနဲ့ တွေ့ဆုံတာ၊ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံတာ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြားမှာ ဆွေးနွေးပွဲတွေ ကြားခံစီစဉ်ပေးတာ စသဖြင့် ခြေလှမ်းသွက်သွက် လှုပ်ရှားမှုတွေကို တရုတ်အစိုးရက ဆက်တိုက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ  ဦးကျော်ဇော်က “တရုတ်နိုင်ငံဘက်ကလည်း တရားဝင်အတည်ပြု ပြောဆိုတာ မရှိသေးပါဘူး။ ဘယ်လိုပဲ မင်းအောင်လှိုင်သွားသွား တရုတ်နိုင်ငံ နယ်စပ်က ယူနန်ပြည်နယ်ပဲသွားသွား၊ ပီကင်းမြို့ပဲသွားသွား၊ ဘယ်နေရာပဲသွားသွား၊ သူကတော့ နိုင်ငံတကာရာဇဝတ်ကောင်တယောက်၊ လူသတ်သမားတယောက် ဖြစ်တယ်။ မင်းအောင်လှိုင်ရဲ့ သွားတဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ကျနော့်အနေနဲ့ ထူးထူးခြားခြားတော့ မှတ်ချက်ပေးစရာ မရှိပါဘူး။ သူ့အနေနဲ့ကတော့ ပြည်သူလူထုရဲ့မျက်စိထဲမှာ အကြမ်းဖက် စစ်ခေါင်းဆောင်၊ လူသတ်သမားတယောက်ဖြစ်တယ်ဆိုတာ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးစီမံကိန်းတွေ မဖြစ်အောင် ဖျက်လိုဖျက်ဆီးလုပ်နေတာဟာ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်အုပ်စုကြောင့်သာဖြစ်တယ်ဆိုတာ ပြောကြားချင်ပါတယ်ခင်ဗျ”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်ကျော် ၄ နှစ်နီးပါးကာလအတွင်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုဆက်ဆံတာမခံခဲ့ရဘဲ အာဏာသိမ်းပြီးကစ အစောပိုင်းကာလ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံအစည်းအဝေးတကြိမ်၊ ရုရှားနိုင်ငံကိုသွားခဲ့တဲ့ ပြည်ပခရီးစဉ်တွေသာရှိခဲ့ပါတယ်။

အရင်အာဏာရှင်တွေလက်ထက်က မဟာမိတ်သဘောတည်ရှိခဲ့တဲ့ ရုရှားနဲ့တရုတ်နိုင်ငံတို့ရဲ့ အကြံပြုချက်တွေကိုပါ အစောပိုင်းကာလတွေမှာ စစ်ခေါင်းဆောင်ကလစ်လျူရှုခဲ့တာပါ။

ဝါရင့်တရားလွှတ်တော်ရှေ့နေ  ဦးကြီးမြင့်က “တရုတ်က ၄ နှစ်လောက် စောင့်ကြည့်လိုက်တဲ့ အခါမှာ NUG ဟာ စစ်နိုင်နိုင်တဲ့အနေအထားမရှိဘူးလို့ သူက သတ်မှတ်လိုက်ပြီးတော့ သူ့ရဲ့အကျိုးစီးပွားအတွက် စစ်အာဏာရှင်နဲ့ ပေါင်းလိုက်တာပဲ၊ အဖြေကတော့ အဲဒါပဲ။ စစ်မနိုင်လို့ ဖြစ်တာ၊ စစ်နိုင်ရင် ဒီနေ့ပြန်ပြောင်းမှာ၊ ပေါ်လစီဆိုတာပြောင်းလို့ရတယ်၊ စစ်နိုင်အောင်တိုက် ပေါ်လစီချက်ချင်းပြောင်းတယ်၊ အဲဒါပဲ”လို့ ပြောပါတယ်။

စစ်ကောင်စီ ဒုတိယခေါင်းဆောင်နဲ့ စစ်ကောင်စီဝင်တွေဟာ ကြားကာလမှ တရုတ်နိုင်ငံကို ခေါင်းစဉ်အမျိုးမျိုးနဲ့ သွားရောက်ခဲ့ပေမဲ့ အခုတကြိမ်မှာတော့ စစ်ခေါင်းဆောင်ကိုယ်တိုင် တရုတ်ခရီးစဉ်သွားဖို့ ဖြစ်လာတာပါ။

ကိုဗစ်အလွန်မှာ  အာဆီယံနိုင်ငံတွေ အပါအဝင် ဥရောပနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး စီးပွားရေးပြန်လည်ထူထောင်ဖို့ တရုတ်က ကြိုးစားနေတဲ့ စီးပွားရေးရာ ထောက်ပံ့ရေးလမ်းကြောင်း Regional Comprehensive Economic Partnership(RCEP)၊ တရုတ်အစိုးရရဲ့ မူလကတည်းက ရှိနေခဲ့တဲ့ ပိုးလမ်းမ မဟာဗျူဟာစီမံကိန်း စတာတွေဟာ မြန်မာ့ပြည်တွင်းရေးမငြိမ်သက်မှုကြောင့် နှောင့်နှေးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာပြည်တွင်းပဋိပက္ခတွေရှိနေပေမဲ့ ရခိုင်ပြည်နယ်က ကျောက်ဖြူစီမံကိန်း အပါအဝင် သူတို့ရဲ့စီမံကိန်းတွေကို တရုတ်အစိုးရက ပုံမှန်ဆက်လည်ပတ်ဖို့ ကြိုးစားခဲ့ပြီး စစ်ရေးအရှိန် မြင့်လာချိန်မှာတော့ မဖြစ်မနေ တိုက်ရိုက်ပါဝင်ပတ်သက်ဖို့ အကြောင်းဖြစ်လာတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013