
ထိုင်းနိုင်ငံမှာ အွန်လိုင်းစီးပွားရေး ရင်းနှီးမြှုပ်နှံလိမ်လည်မှုနဲ့ ပတ်သက်ပြီး ထိုင်းနာမည်ကြီး ရုပ်ရှင်မင်းသား၊ မင်းသမီးတွေပါ ပါဝင်တဲ့ The ICon Group ကုမ္ပဏီက ထိပ်တန်းအမှုဆောင် ၁၈ ဦးကို ထိုင်းမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က အောက်တိုဘာ ၁၆ မှာ ဖမ်းဝရမ်းထုတ်လိုက်ပြီး အားလုံးနီးပါးကို ဖမ်းဆီးရမိပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဖမ်းဝရမ်းထုတ်ခံရသူအများစုမှာ သူတို့ကိုယ်တိုင် ရဲဌာနကို လာရောက်အဖမ်းခံပြီး တချို့ကတော့ တာဝန်ရှိသူမှာ ဝရမ်းစာသွားပို့တာနဲ့ တပြိုင်တည်း ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ အသက် ၄၀ နှစ်ရွယ် ဘော့စ်ဖောလ် ဝရတ်ထဖွန်း နဲ့ ရုပ်ရှင် သရုပ်ဆောင်/ပရီစင်တာ ဆဲမ်း ယုလနန်၊ မင်းမ် ဖစ်ချယား၊ ဂန်း ကန်ဒထာဝွန်း၊ ပီတာနဲ့ ဆရာဝန်အေတ်တို့အပြင် တခြားအွန်လိုင်းဆယ်လီတွေလည်း ပါဝင်ပါတယ်။
သူတို့ကို ရဲတပ်ဖွဲ့က အများပြည်သူအား နစ်နာဆုံးရှုံးမှုရှိအောင် လိမ်လည်မှု၊ မဟုတ်မမှန် အကြောင်းအရာတွေကို လူမှုကွန်ရက်ပေါ် ရေးသားဖြန့်ဝေတဲ့အတွက် ကွန်ပျူတာဥပဒေ စတာတွေနဲ့ တရားစွဲထားတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုပြောရေးဆိုခွင့်ရှိသူ ဒုရဲချုပ် အခရဒေ့ချ် ဖိမွန်းဆီက သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းဥပဒေ ပုဒ်မ ၃၄၁ အရ တစုံတဦးအား နစ်နာဆုံးရှုံးအောင် လိမ်လည်မှုမြောက်က ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ် ၆၀,၀၀၀ ဘတ် သို့မဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး။ ပုဒ်မ ၃၄၃ အရ အများပြည်သူအား နစ်နာဆုံးရှုံးအောင် လိမ်လည်မှုမြောက်ပါက ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ငွေဒဏ် ၁၀၀,၀၀၀ ဘတ် သို့မဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး။ ကွန်ပျူတာဥပဒေပုဒ်မ ၁၄ အရ အွန်လိုင်းပေါ်မှာ မဟုတ်မမှန်အကြောင်းအရာကို လိမ်လည်ဖော်ပြထုတ်လွှင့်ပါက ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ငွေဒဏ် ၁၀၀ ,၀၀၀ ဘတ် သို့မဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမယ်လို့ ဆိုပါတယ်။
နောက်ထပ်လည်း ငွေကြေးခဝါချမှု ရှိ၊ မရှိ စစ်ဆေးနေတယ်လို့ ဒုရဲချုပ်က ဆက်ပြောပါတယ်။
သူတို့ ၁၈ ဦးဟာ မနေ့ညက ရဲတပ်ဖွဲ့အချုပ်ခန်းမှာ အိပ်ရပြီး ဒီကနေ့ အောက်တိုဘာ ၁၇ မှာတော့ တရားရုံးအချုပ်ခန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်တယ်၊ ဒီအမှုဟာ နစ်နာဆုံးရှုံးသူ များပြားပြီး ဆုံးရှုံးငွေပမာဏလည်း များတယ်၊ အများပြည်သူ စိတ်ဝင်စားတဲ့အမှုလည်း ဖြစ်တယ်၊ ဒါကြောင့် အာမခံမရဘူးလို့ ရဲက ပြောပါတယ်။
ထိုင်းအထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ DSI ကလည်း သူတို့ ၁၈ ဦး ပိုင်ဆိုင်တဲ့ ဇိမ်ခံကား အစီးပေါင်း ၂၀ ခန့် ကာလတန်ဖိုး ဘတ်သန်းပေါင်း ၁၀၀ ကျော်ကို သိမ်းဆည်းလိုက်တဲ့အပြင် ကုမ္ပဏီအမှုဆောင်ဒါရိုက်တာ ဘော့စ်ဖော်လ် ဝယ်ယူထားတဲ့ ပထုန်ဌာနီခရိုင် လမ်လုတ်ကာမြို့က ဧကပေါင်း ၃၀ ကျော်ရှိ မြေကွက်တခုပါ သိမ်းဆည်းထားပါတယ်။
အဆိုပါမြေကွက်ဟာ တန်ဖိုး ဘတ်သန်းပေါင်း ၁၀၀၀ ကျော်ရှိပြီး ဝန်ထမ်းနေအိမ်၊ ရုံးခန်း၊ အွန်လိုင်းရောင်းဝယ်ရေး သင်တန်းကျောင်းတွေပါတဲ့ The Icon City အမည်ရှိ အိမ်ရာတခု ဆောက်လုပ်ဖို့ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။
ကုမ္ပဏီကြောင့် ငွေကြေးဥစ္စာဆုံးရှုံးခဲ့ရသူတွေဟာ မှုခင်းနှိမ်နင်းရေးရဲဌာနချုပ်မှာ လာရောက်တိုင်ကြားထားတာမှာ အောက်တိုဘာ ၁၆ ရက်အထိ လူဦးရေ ၁၀၀၀ ကျော်သွားပြီဖြစ်ပြီး ဆုံးရှုံးမှုပမာဏမှာ ဘတ်သန်းပေါင်း ၄၀၀ ကျော်တယ်၊ လက်ရှိလည်း တဖွဲဖွဲ လာရောက်တိုင်ကြားနေသလို အခြားခရိုင်မှာလည်း တိုင်ကြားမှု လက်ခံပေးနေတယ်၊ ချင်းမိုင်ခရိုင် ချင်းမိုင်မြို့မရဲစခန်းမှာ လာရောက်တိုင်ကြားထားတဲ့ နစ်နာသူ ၅၀ ကျော်ရှိပြီး ဆုံးရှုံးမှုပမာဏ ဘတ် ၁၀ သန်းကျော်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
The Icon Group ဟာ အားတိုးဆေး၊ ဗီတာမင်ဆေး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ကော်ဖီမစ် အစရှိ လူသုံးကုန်ပစ္စည်းတွေကို အွန်လိုင်းကနေ ရောင်းချနည်းသင်တန်းပေးတယ်၊ ရှယ်ယာ (ရင်းနှီးမြှုပ်နှံသူ) များသထက်များအောင် စည်းရုံးတယ်၊ ဒါပေမဲ့ ပစ္စည်းတွေဟာ အရည်အသွေးညံ့ပြီး ဈေးကြီးတယ်၊ ကုမ္ပဏီအနေနဲ့ ကုန်ပစ္စည်းရောင်းရဖို့ထက် ရှယ်ယာများများရရေးကိုသာ ဦးစားပေး စည်းရုံးလုပ်ဆောင်တယ်၊ ပစ္စည်းမရောင်းရလို့ အမြတ်အစွန်းမရပါက အရင်းနှီးလည်း ပြန်ထုတ်ယူလို့ မရတာကြောင့် နစ်နာဆုံးရှုံးသူတွေ များပြားနေတာ ဖြစ်ပါတယ်။
သူတို့ကုမ္ပဏီဟာ လာအို၊ ကမ္ဘောဒီးယား၊ ဂျပန် စတဲ့နိုင်ငံတွေမှာ လုပ်ငန်းသွားရောက် မိတ်ဆက်ပွဲလုပ်ခဲ့တဲ့ ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပေမဲ့ လာရောက်တိုင်ကြားထားတဲ့ နစ်နာဆုံးရှုံးသူတွေထဲမှာ နိုင်ငံခြားကတော့ မပါသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောသွားပါတယ်။
ကိုးကား - Thairath










