DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့နယ် NLD လွှတ်တော်အမတ် ၁ ဦးကို TNLA က ဖမ်းဆီးထား
DVB
·
October 17, 2024
နမ္မတူမြို့နယ် NLD လွှတ်တော်အမတ် ၁ ဦးကို TNLA က ဖမ်းဆီးထား
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ်တဲ့ ဦးဝင်းလှိုင်(ခ) ဦးမဲတူကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့  ဒေသခံတွေက ပြောပါတယ်။ 

ဦးဝင်းလှိုင်(ခ) ဦးမဲတူကို TNLA က စက်တင်ဘာ ၂ ရက်နေ့ကကတည်းက ဖမ်းဆီးထားတာ အခုဆိုဆိုရင် တလခွဲကျော်ကြာပြီဖြစ်ပေမဲ့ မိသားစုဝင်တွေနဲ့ တခါတရံမှသာ တွေ့ခွင့်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ဦးမဲတူကို ဖမ်းထားတာ တလခွဲကျော်နေပြီး အဲဒီကြားထဲ သွားတွေ့တာ တခါတရံပဲ တွေ့ခွင့်ပေးတယ်။ သွားတွေ့ပြီး တွေ့ခွင့်မရတဲ့သူတွေလည်း ရှိတယ်။ ထမင်းကတော့ ပို့လို့ရတယ်။”

NLD အမတ်ဦးမဲတူက ဘော်တွင်းကနေ နမ္မတူလာတဲ့အချိန် မေတ္တာရှင်လူမှုကူညီရေးအသင်း ရုံးကနေ ပြန်အထွက်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဦးဝင်းလှိုင်(ခ) ဦးမဲတူကို ဖမ်းဆီးထားရတာဟာ အယောင်ဆောင်မှုကြောင့်ဖြစ်တယ်လို့ TNLA တာဝန်ရှိသူက ဖမ်းဆီးခံထားရသူနဲ့ နီးစပ်သူတွေကို ပြောပေမဲ့ ဘယ်လို အယောင်ဆောင်တာလဲ ဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။

“ဦးမဲတူကို အယောင်ဆောင်မှုကြောင့် ဖမ်းတာလို့ တအာင်းတပ်ရဲ့ တာဝန်ရှိသူက ပြောတယ်။ အခုက ဘာဥပဒေမှ ရှိတာမှ မဟုတ်တာ” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဦးဝင်းလှိုင်(ခ) ဦးမဲတူဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နမ္မတူမြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရရှိခဲ့သူပါ။

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမပိုင်းမှာ နမ္မတူမြို့ကို (PSLF/TNLA)က သိမ်းပိုက်ခဲ့ပြီး ဘော်တွင်း သတ္တုတွင်းနယ်မြေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သိမ်းပိုက်ခဲ့ပါတယ်။ 

လက်ရှိ နမ္မတူမြို့ကို TNLA ကထိန်းချုပ်ထားပြီး ဘော်တွင်းသတ္တုတွင်းနယ်မြေကို KIA ကချင်တပ်က ထိန်းချုပ်ထားပါတယ်။

နမ္မတူမြို့နယ်အတွင်းမှာ TNLA တအာင်းတပ်နဲ့ KIA ကချင်တပ်တို့ကြား နယ်မြေအငြင်းပွားမှု တချို့ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013