DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် ကလောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်၊ ဖုန်းနှင့် အင်တာနက်လိုင်း မရသေး
DVB
·
October 16, 2024
ရေဘေးသင့် ကလောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်၊ ဖုန်းနှင့် အင်တာနက်လိုင်း မရသေး
Donate to DVB

ရေကြီး၊ မြေပြို သဘာဝဘေးနဲ့ ကြုံလိုက်ရတဲ့ ကလောမြို့မှာ ပြန်လည်ထူထောင်ရေးအတွက် လုပ်ကိုင်နေပြီး မြို့မဈေးနဲ့ ဆိုင်ခန်းတချို့  စတင်ဖွင့်လှစ်နိုင်ပြီလို့ သိရပါတယ်။

ပေ ၄,၀၀၀ အမြင့်မှာရှိတဲ့ ရှမ်းပြည်နယ်၊ ကလောဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ယာဂီ မုန်တိုင်းကြောင့် ရေကြီးမြေပြိုမှုတွေကို ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ရတာပါ။

ရေဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်တွေအဖြစ် မြို့တွင်းက ရွှံ့နွံတွေ ရှင်းလင်းရေးတွေကို ဒေသခံတွေနဲ့ ပရဟိတသမားတွေက လုပ်ဆောင်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီး မြေပြိုမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ နေအိမ်တွေကိုလည်း ပြန်လည်ဆောက်လုပ်ဖို့ အလှူရှင်တွေရဲ့ အကူအညီတွေနဲ့ စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ရွှံ့နွံရှင်းလင်းရေးအပိုင်းတွေ မှာလည်း တမြို့လုံးနီးပါး ပြီးစီးတဲ့အနေအထား ဖြစ်နေပြီလို့ ပရဟိတသမားတယောက်က ပြောပါတယ်။

“ရှင်းလင်းရေးကတော့ ချောင်းတွေလည်း အကုန်လုံးရှင်းနေပြီ၊ နောက်ပြီးတော့ ကျန်နေတဲ့ နုန်းသဲတွေ ဘာတွေလည်း အင်နဲ့အားနဲ့ ရှင်းလင်းနေပါပြီ၊ ကျနော်တို့ကတော့ နဂိုကတည်းက မြို့ကလည်း အာဆီယံ ၁၀ နိုင်ငံထဲမှာ အသန့်ရှင်းဆုံးဆုလည်း ရထားတော့ အခုကတော့ အဲဒီရဲ့ စံချိန်စံနှုန်း ပြန်ညီအောင်လို့ သေချာလေး ပြန်လုပ်ပေးထားပါတယ်။ ရွာတွေလည်း ခပ်များများ လမ်းပေါက်ကုန်ပြီ။ တောင်ပြိုတာတွေဘာတွေ လမ်းပေါက်ကုန်ပြီ။ တအားကြီး ရှင်းဖို့ ကျန်တာတော့ ခက်ခက်ခဲခဲကတော့ သိပ်မရှိတော့ပါဘူး။ ရာသီဥတုကလည်း မိုးလည်းမပြတ်သေးတဲ့ အနေအထားရှိနေတော့ ပြိုလိုက် ရှင်းလိုက်၊ သွားလိုက်လာလိုက် အဲဒီလိုပဲတော့ ရှိပါတယ်။”

ကလောမြို့မစျေးနဲ့ မြို့တွင်း ဆိုင်ခန်းတချို့ကတော့ ပုံမှန်ပြန်ဖွင့်နေပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကလွဲရင် လျှပ်စစ်မီးလည်း ပြန်ရနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရေဘေးနဲ့ မြေပြိုမှု အများဆုံးခံလိုက်ရတဲ့ ရပ်ကွက် ၂၊ ၃ နဲ့ ၄ တွေမှာလည်း ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်ဖို့နဲ့ ကျန်နေသေးတဲ့ နုန်းတွေ၊ သဲတွေ ရှင်းဖို့ မြို့ထဲမှာ ကျန်သေးတယ်လို့ ဆိုပါတယ်။

ကလောမြို့အနီးနားကရွာတွေမှာ မြေပြိုနေတာတွေ ဆက်ရှိနေပြီး လမ်းအများစုကတော့ သွားလာလို့ရပြီလို့ ဒေသခံတယောက်က ပြောပါတယ်။

“ကလောချောင်းက မိုးကြီးရင် ရေပြန်တက်မှာပဲ။ ဟိုတလောက ရွာလိုက်တဲ့ မိုးလေးတောင် ရေပြန်တက်တယ်။ ကလောချောင်းက ဆင်တောင်တို့ ဘာတို့ဘက်မှာဆို တော်တော်ပြိုတယ်လို့ ပြောတယ်။ အဲဒီဘက်ကနေ လာတာတော့ အခက်အခဲရှိတယ်။ တချို့တလေကျတော့ ဆိုင်ကယ်လမ်းတော့ ပေါက်သွားပြီပေါ့။ ဆိုင်ကယ်ကတော့ သွားလို့ရပြီ။ ဒီပလောင်တောင်ဘက်ကလည်း မြေပြိုတယ်။ မြေပြိုတော့ ရွာတွေတောင် ပြောင်းရမယ်လို့ ပြောတယ်။ ကားတွေတော့ သွားလို့မရသေးဘူး။ ဆိုင်ကယ်နဲ့လူတွေတော့ သွားလို့ရပြီ။”

စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမြေပြိုမှုကြောင့် ကလောမြို့မှာ နေအိမ်ပေါင်း ၉၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လူရာချီ သေဆုံးခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြကြပေမဲ့ တိကျတဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးပါဘူး။

လက်ရှိ ပြန်လည်ထူထောင်ရေးလုပ်နေတဲ့ ကာလအတွင်း လူအင်အားမလောက်မှုတွေကြောင့် လုပ်အားပေးဖို့ ဖိတ်ခေါ်ထားသလို ရောဂါပိုးပျံ့နှံ့မှုတွေ ကြိုတင်ကာကွယ်ဖို့အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေ လိုအပ်နေဆဲပါ။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013