
ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်သင်္ဘောတချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်အာဏာရှင်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ကောင့်ဂျာယန်ဘက်မှာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက် ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဗန်းမြို့ကို စစ်သင်္ဘောတချို့ ရောက်ရှိလာပြီးနောက် စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ မြေပြင် စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
စက်တင်ဘာ ၁၃ ရက်က ဗန်းမော် ခလရ ၄၇ တပ်ရင်းကနေ ထွက်လာတဲ့ စစ်အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းတွေဟာ KIA ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ ကောင့်ဂျာယန်ဘက်ကို ဝင်ရောက်လာတာကြောင့် KIA ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“ဗန်းမော်မှာကျတော့ သူတို့သင်္ဘောရောက်ပြီးတဲ့နောက်ပိုင်း စစ်ကြောင်းထိုးလှုပ်ရှားလာတာတွေ ရှိတယ်။ ၁၃ ရက်နေ့ကဆိုရင် ဗန်းမော်ကနေ မံစီကြား လယ်ကွင်းတွေဖြတ်ပြီး စစ်ကြောင်းထိုး လှုပ်ရှားလာတာတွေ ရှိတယ်။ အဲဒီမှာလည်း တိုက်ပွဲဖြစ်တယ်။ အဲဒီစစ်ကြောင်းက ၁၀၀ လောက်ရှိမယ် ထင်တယ်။ အဲဒီမှာလည်း ပစတွေလို့ ယူဆရတယ်။ အဲဒီ ၁၀၀ ဝန်းကျင်လည်း ချေမှုန်းနိုင်ခဲ့တဲ့ အခြေအနေရှိတယ်။ အခု ဗန်းမော်က စစ်ကောင်စီဘက်က သင်္ဘောရောက်တဲ့နောက်ပိုင်း အင်အားဖြည့်ပြီးတော့ ငြိမ်နေတဲ့ အခြေအနေ။ နည်းနည်းပါးပါး စစ်ကြောင်းလှုပ်ရှားတာပဲ ရှိတယ်။ စစ်ကြောင်းအသေးတွေ ထွက်တာတွေ ရှိတယ်။”
အဲဒီစစ်ကြောင်းဟာ မံစီမှာရှိတဲ့ တပ်ရင်းနေရာဟောင်းကို မရောက်ခင် ကြားဖြတ် တိုက်ခိုက် ချေမှုန်းခံရပြီး စစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ကာ ဖမ်းဆီးရမိထားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက KIA ပူးပေါင်းတပ်တွေက ဗန်းမော်နဲ့ မံစီမြို့သိမ်းတိုက်ပွဲကို တပြိုင်နက် ဆင်နွှဲခဲ့တာဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီ ၈ ရက်မှ မံစီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းမှာ ရွှေကူအထက်ပိုင်း စင်းခန်းကျေးရွာတလျှောက် ပြင်းပြင်းထန်ထန် ပစ်ခတ်ခံခဲ့ရတဲ့ စစ်သင်္ဘောအုပ်စု ၁၄ စီးခန့်ထဲက ၇ စီးခန့်ဟာ စက်တင်ဘာ ၄ ရက်မှာ ဗန်းမော်မြို့ကို ရောက်ရှိသွားခဲ့တာပါ။
အဲဒီစစ်သင်္ဘောတွေ ဗန်းမော်ကို ရောက်ပြီးနောက် စစ်အာဏာရှင်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ စတင်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၄ ရက်နေ့မှာ ရွှေကူဘက်ကတက်လာတဲ့ စစ်အာဏာရှင်တပ်တွေကို ရွှေကူမြို့နဲ့ စင်းခန်းကျေးရွာကြား ဇင်းဘုံရွာအနီးမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်အာဏာရှင်တပ်တွေ အထိနာခဲ့ပြီး ပြန်ဆုတ်သွားခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“အခုက စစ်တပ်က ဗန်းမော်နဲ့ ရွှေကူကြားမှာဆိုရင် စစ်တပ်က ဟိုတခေါက် သင်္ဘောတက်ကတည်းကနေ လူချ နေရာယူထားတဲ့ စင်ခန်းတံတားအထက် ပတ်ဝန်းကျင်တွေမှာ စကစ စစ်သားတွေ ရှိသေးတယ်။ ဇင်းဘုံက စစ်ကောင်စီတပ်သားတွေကတော့ အကုန်ဆုတ်သွားပြီ။ နောက်တခုက စစ်တပ်က ရွှေကူနားက ပလောင်တောင်တို့ ငါးဘတ်ကြီးတို့ အဲဒီဘက်တကြောမှာတော့ ရှိနေသေးတယ်။”
တနှစ်ခွဲကျော်ကြာ မြို့သိမ်းတိုက်ပွဲ ဆက်ဖြစ်နေတဲ့ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းဖို့ မန္တလေးကနေ ဗန်းမော်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာလည်း မြစ်ကြောင်းတလျှောက် KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံရပြီး သင်္ဘော ၁၅ စင်းခန့် ဖျက်ဆီးခံခဲ့ရပါတယ်။
ဗန်းမော်မှာ လက်နက်ခဲယမ်းတွေချပေးပြီး ပြန်စုန်ဆင်းလာတဲ့ သင်္ဘောတွေကိုလည်း KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောတချို့ ပျက်စီးနစ်မြုပ်ခဲ့ပါတယ်။
KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်သင်္ဘောတချို့ ထိခိုက်ပျက်စီးခဲ့တဲ့ နေရာတွေကို စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဟန်န











