
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အလုပ်အကိုင်ရှားပါးလို့ ဒေသခံတချို့ဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျန်ခဲ့တဲ့လက်နက် အကြွင်းအကျန်တွေကို တူးပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းနေကြရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကျန်လက်နက် အကြွင်းအကျန်များစွာ ကျန်ခဲ့ပြီး အခုအခါ စားဝတ်နေရေး အဆင်မပြေသူတွေက စစ်ကျန်ပစ္စည်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေကို တူးပြီး နေ့စားလိုက်နေရတယ်လို့ ပြောပါတယ်။
ဒေသခံတဦးက “တိုက်ပွဲတုန်းက ကျန်ခဲ့တဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကို တာဝန်ရှိသူတွေ က လာမရှင်းဘူး။ ပိုက်ဆံရှိသူလည်း ပိုက်ဆံပေးပြီး ရှင်းခိုင်းတာ။ တလုံး တူးထုတ်နိုင်ရင် ငါးသောင်း၊ ခြောက်သောင်းရတယ်။ အရမ်းအန္တရာယ်များပါတယ်”လို့ ပြောပါတယ်။
အခုဆီဆိုင်မှာ ကုန်စျေးနှုန်းတွေလည်း အဆမတန် ကြီးနေသလို အလုပ်အကိုင်လည်း မရှိကြလို့ စားဝတ်နေ ခက်ခဲသူတွေက အခုလို အန္တရာယ်များတဲ့ အလုပ်ကိုသာ မလုပ်ရင် အလုပ် မရှိတော့ဘူးလို့ ပြောပါတယ်။
နေ့စား လိုက်သူ တယောက်က "တိုက်ပွဲ ခဏခဏဖြစ်တော့ ခြံတွေလည်း မစိုက်နိုင်ဘူး။ နေ့စားခေါ်တဲ့အလုပ်လည်း မရှိဘူး။ သားသမီး မိသားစု စားဝတ်နေရေးရှိသေးတယ်။ ပိုက်ဆံရတဲ့နည်းလမ်းက ဒီတခုပဲ ရှိတော့ အန္တရာယ်များတာ သိပေမဲ့ အဆင်ပြေပါတယ်"လို့ ပြောပါတယ်။
ဆီဆိုင်မြို့နယ်မှာ ယခုနှစ်ဇန်နဝါရီလကစပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီး တိုက်ပွဲအတွင်းမှာ ဒေသခံနေအိမ် ၆၀၀ ကျော်နဲ့ အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။