DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ရေကြီးပြီးနောက် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကို သတိပြုရန်လို
ကေခိုင်
·
August 10, 2026
Photo: APM
Photo: APM
Donate to DVB

မြို့နယ်ထက်ဝက်ကျော် ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေဟာ ရေစီးနဲ့အတူ နေရာရွေ့သွားတတ်တဲ့အတွက် ဒေသနေ ပြည်သူတွေ အထူးသတိပြုကြဖို့ ဒေသတွင်း မိုင်းအသိပညာပေး လုပ်ဆောင်သူတွေနဲ့ လူမှုကူညီရေး လုပ်ဆောင်သူတွေက တိုက်တွန်းပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော် အပါအဝင် မြို့နယ် ၁၀ ခုထက်မနည်း ရေဘေးဒဏ်ကို အလူးအလဲ ခံစားခဲ့ရပါတယ်။

ရခိုင်က မြို့နယ်ထက်ဝက်ကျော် ရေနစ်မြုပ်ခဲ့ရသလို ရေဘေးသင့်ပြည်သူ သိန်းနဲ့ချီ ရှိခဲ့ပြီး လူသေဆုံးမှုတွေအထိပါ ရှိခဲ့တာပါ။

ဒါ့အပြင် လက်ရှိမှာလည်း ရေနစ်မြုပ်ခဲ့တဲ့ နေရာတွေမှာ ရေစီးနဲ့အတူ မျောပါလာတဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ပြည်သူတွေ အန္တရာယ်ရှိနိုင်တဲ့အတွက် အထူးသတိထားဖို့ လိုအပ်နေတယ်လို့ ဒေသတွင်း မိုင်းအသိပညာပေး လုပ်ကိုင်နေသူ ဦးခိုင်ကျော်နိုင်က ပြောပါတယ်။

“ရေမြုပ်သွားတဲ့အခါကျတော့ ဒီ စစ်ကျန်လက်နက်တွေဟာ မြေကြီးထဲကနေ ပေါ်ထွက်တာလည်း ရှိသလို ရွေ့လျားတာလည်း ရှိတယ်ပေါ့နော်။ ရေစီးတွေနဲ့ မျောပါသွားတာပေါ့။ အဲဒါတွေဆိုရင် တခါတလေမှာ လူနေတဲ့ရပ်ရွာတွေ ဒါမှမဟုတ် လူတွေသွားလာတဲ့လမ်းတွေပေါ့နော်၊ အဲဒီလိုမျိုးနေရာတွေမှာ အလွယ်တကူပဲ ရောက်ရှိသွားနိုင်တာတွေလည်း တွေ့နိုင်တာပေါ့။ အဲဒီအခါကျရင် အဓိက ဘာအန္တရာယ်ရှိလာနိုင်လဲဆိုတော့ အထူးသဖြင့် လူငယ်တွေပေါ့။ လူငယ်တွေထဲမှာမှ အဓိကတော့ ဒီ မူလတန်း၊ အလယ်တန်းကလေးတွေဆိုရင် အဲဒီလက်နက်ကြီးတွေ၊ မိုင်းတွေ၊ အဲဒီ စစ်ကျန်လက်နက်တွေကို တွေ့လို့ရှိရင် အသစ်အဆန်းတွေ တွေ့တော့ လူငယ်တွေက ထိတွေ့ ကိုင်တွယ်ကြည့်ချင်တာပေါ့လေ။ အဲဒီကနေ ပေါက်ကွဲတာတွေ ဖြစ်တယ်။ ဒါမှမဟုတ်လည်း အိမ်ကိုယူလာတယ်၊ အိမ်မှာယူလာပြီးတော့ ထုခွဲစမ်းသပ်တာမျိုးတွေ၊ အဲဒါတွေက အဓိက ဒီစစ်ကျန်မိုင်းတွေကြောင့် ဆုံးရှုံးတာတွေကို ကြည့်လိုက်လို့ရှိရင် လူငယ်တွေ ထိခိုက်တာတွေ များပါတယ်။”

အာရက္ခတပ်တော် (AA) အနေနဲ့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးနဲ့ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပေမဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနှံ့က စစ်ကျန်လက်နက် ပစ္စည်းတွေ အားလုံးကို ရှင်းလင်းဖို့ မလွယ်ကူလှပါဘူး။

ရခိုင်ဒေသတွင်း လူမှုကူညီရေး လုပ်ဆောင်ပေးနေတဲ့ Triple–T တည်ထောင်သူ ကိုဗစ်တာကလည်း မိုင်းနဲ့ စစ်ကျန်လက်နက်တွေ တွေ့ရှိပါက သက်ဆိုင်ရာကို အကြောင်းကြားကြဖို့ တိုက်တွန်းထားပါတယ်။

“ရခိုင်ဒေသဟာ စစ်မက်ဖြစ်ပွားနေတဲ့ဒေသ ဖြစ်တဲ့အတွက်ကြောင့် ရေကြီးတာတို့၊ ရေလျှံတာတို့ ဖြစ်တဲ့အချိန်မှာ မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေဟာ ရေစီးနဲ့အတူ မျောပါလာတတ်တာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ မြေမြှုပ်မိုင်းတွေပဲ ဖြစ်စေ၊ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေကိုပဲ ဖြစ်စေ တွေ့ရှိတယ်ဆိုရင် လုံးဝ ကိုင်တွယ်ခြင်း မပြုဘဲ အဲဒီနေရာကို အမှတ်အသားပြုလုပ်ပြီးတော့မှ သက်ဆိုင်ရာကို အကြောင်းကြားဖို့အတွက် လိုအပ်ပါတယ်။”

UNICEF ရဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံအနှံ့ မိုင်းနဲ့ စစ်လက်နက် ပေါက်ကွဲမှုဖြစ်စဉ် ၁၆၉ ခု ရှိခဲ့ပြီး အရပ်သား ၂၅၃ ယောက် ထိခိုက်သေဆုံးခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်တွေအနက် ကလေးသူငယ် ထိခိုက်သေဆုံးမှုဟာ ၂၉ ဒသမ ၂၅ ရာခိုင်နှုန်းအထိ ပါဝင်နေတာကြောင့် စစ်ဘေး၊ ရေဘေး နှစ်ထပ်ကွမ်း ဒုက္ခကို ခံစားနေရတဲ့ ရခိုင်ပြည်သူတွေအနေနဲ့ မိုင်းအန္တရာယ်ကို အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013