
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ဒေသမှာ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူတွေအတွက် ကူညီထောက်ပံ့မှု မရှိသလောက် နည်းပါးနေပြီး သူတို့အတွက် ခြေတု လက်တု တပ်ဆင်နိုင်ဖို့ မျှော်လင့်နေကြတယ်လို့ မိသားစုဝင်တွေနဲ့ ကူညီဆောင်ရွက်ပေးနိုင်သူတွေက ပြောပါတယ်။
ရခိုင်ဒေသမှာ မတ် ၁ ရက်မှ ၃၀ ရက်အထိ တလအတွင်း မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ကလေးငယ်တွေ အပါအဝင် ၂ ယောက် သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ DVB က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်ကျန်မိုင်းတွေကို ထုကစားကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်တဲ့ ဖြစ်စဉ်တွေလည်း ပါဝင်နေတာကို တွေ့ရပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
လက်ရှိ ရခိုင်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ပိုမိုမြင့်မားလာနေပြီး ရခိုင်ဒေသခံတွေအနေနဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် ဗဟုသုတ အားနည်းနေသေးတာအပြင် လက်တွေ့စမ်းသပ်မှုတွေကြောင့် ဒီရက်ပိုင်းအတွင်းမှာပဲ ထိခိုက်သေဆုံးမှု များရတာလို့ ဒေသခံတွေနဲ့ လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
လက်ရှိမှာ မိုင်းအန္တရာယ်ကြောင့် ကိုယ်လက်ဆုံးရှုံးသွားရတဲ့ သူတွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု များစွာ ခံစားနေကြရပြီး ဘဝရပ်တည်နိုင်ရေးအတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ များစွာရှိနေဆဲ ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲမစခင်က ရခိုင်ဒေသမှာ ခြေတု လက်တု ကူညီထောက်ပံ့ပေးတာတွေ ရှိခဲ့ပေမဲ့ လက်ရှိမှာ ကူညီထောက်ပံ့မှု မရှိသလောက် နည်းပါးနေတဲ့အတွက် ခြေတုတပ်ဆင်နိုင်ဖို့ကို မျှော်လင့်နေကြတာပါလို့ မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူတယောက်နဲ့ နီးစပ်သူက ပြောပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ ရခိုင်ပြည်နယ်မှာ ခြေတုလှူတဲ့ အလှူရှင်တွေကလည်း တော်တော်လေးကို ရှားပါးတယ်။ တကယ်တမ်း မိုင်းထိတာခံရတဲ့ ခြေထောက်ပြတ်တဲ့သူတွေကလည်း ခြေတုတွေရဖို့အတွက်ကို တအားမျှော်လင့်နေတာ။ ဒါပေမဲ့ လက်တွေ့ကတော့ ရခိုင်ထဲမှာ အဲဒီလိုမျိုး မိုင်းနင်းမိပြီးတော့ ခြေထောက် ပြတ်သွားတဲ့သူတွေကတော့ အဲလိုမျိုး မျှော်လင့်ချက်တွေ မရှိဘူးပေါ့နော်။ တချိန်ချိန်တော့ အဲလိုမျိုး လိုအပ်တဲ့ ခြေတုတွေ ရလာပါစေလို့တော့ သူတို့ကတော့ ဆုတောင်းနေကြတာပေါ့နော်။ အဲဒီလိုမျိုး အလှူရှင်တွေ ပေါ်လာဖို့ကိုလည်း သူတို့ ဆုတောင်းကြတာပေါ့။ လက်ရှိအနေနဲ့တော့ ဒီ သက်ဆိုင်ရာအစိုးရ အနေနဲ့လည်း အဲလိုမျိုး လုပ်ပေးတာလည်း မရှိဘူး။ တခြား လူမှုအဖွဲ့အစည်းတွေကလည်း ကူညီဆောင်ရွက်ပေးတာလည်း နည်းတာပေါ့နော်၊ သိပ်မတွေ့ရပါဘူး” လို့ ပြောပါတယ်။
ရခိုင်မှာ မြို့သိမ်းတိုက်ပွဲ စတင်တဲ့ ၂၀၂၃ ခုနှစ်ကစပြီး မြို့နယ်အနှံ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေဟာလည်း နေရာအနှံ့ ပြန့်ကျဲနေဆဲပါ။
လက်ရှိမှာ AA အနေနဲ့ မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးတာတွေ၊ မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် အသိပညာပေး ဟောပြောတာတွေ၊ သတိပေးဆိုင်းဘုတ် စိုက်ထူပေးတာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေပေးတာတွေ အရှိန်မြှင့် လုပ်ဆောင်နေပေမဲ့ ရခိုင်တပြည်လုံး အတိုင်းအတာရ လွမ်းခြုံနိုင်မှု မရှိသေးဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
တဖက်မှာလည်း ပြည်သူတွေအနေနဲ့ AA ရဲ့ သတိပေးထုတ်ပြန်ချက်တွေကို လေးစားလိုက်နာဖို့နဲ့ မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းစေဖို့အတွက် နိုင်ငံတကာရဲ့ အကူအညီတွေ ပေးအပ်ဖို့ လိုတယ်လို့ လူမှုကူညီရေး ဆောင်ရွက်ပေးနေသူ ဆရာဝေဟင်အောင်က ပြောပါတယ်။
“ဒီမြေမြှုပ်မိုင်းအန္တရာယ်ကို ရှင်းဖို့ကျရင်တော့ ဒီအာရက္ခတပ်တော်ကျရင်လည်း စစ်ပွဲကာလ ဖြစ်နေတယ်၊ ပြီးတော့ သူတို့မှာလည်း ရင်းမြစ်တွေက သိပ်ပြည့်ပြည့်စုံစုံ မဟုတ်တဲ့အတွက် အကုန်လုံး ဖြေရှင်းဖို့ ဆိုတာလည်း သူတို့ဘက်က မဖြစ်နိုင်သေးဘူးပေါ့။ ဒီဟာတွေကို ဖြေရှင်းဖို့ ဆိုလို့ရှိရင် နိုင်ငံတကာအကူအညီတွေရယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့ ဒီဟာတွေကို ဖော်ထုတ်ဖို့အတွက် ယန္တရားပစ္စည်းတွေ၊ အကူအညီတွေ ပေးဖို့ လိုအပ်တယ်လို့ မြင်တယ်ဗျ။ ပြည်သူတွေအနေနဲ့လည်း ဒီ အာရက္ခတပ်တော်က ထုတ်ပြန်ထားတဲ့အပေါ်မှာ လုံးဝ လိုက်နာကြဖို့ လိုတယ်လို့ မြင်တယ်။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှု ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၂ ယောက် သေဆုံးခဲ့ကာ ၆ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကေခိုင်










