
ကရင်နီပြည်မှာ ရဲအင်အား မလုံလောက်သလို မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ အဆမတန် များပြားလာနေတယ်လို့ ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ရဲ့ ၅ နှစ်ပြည့် အစီရင်ခံစာက ဖော်ပြပါတယ်။
အထူးသဖြင့် ဒီးမော့ဆိုမြို့နယ်အပါအဝင် နယ်မြေအများစုမှာ ရဲအင်အား မလွှမ်းခြုံနိုင်တာကြောင့် မူးယစ်ဆေးဝါးပြဿနာဟာ ဒေသတွင်း တရားဥပဒေစိုးမိုးရေးအတွက် အကြီးမားဆုံး စိန်ခေါ်ချက် ဖြစ်လာနေပါတယ်။
ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ရဲ့ ၅ နှစ်ပြည့် အစီရင်ခံစာအရ နယ်မြေအတွင်း ရဲအင်အား လုံလောက်စွာ မလွှမ်းခြုံနိုင်တဲ့အတွက် ဒီးမော့ဆိုမြို့နယ်အပါအဝင် ဒေသအသီးသီးမှာ မူးယစ်ဆေးဝါး ပေါများလာမှုနဲ့အတူ ခိုးမှုတွေပါ အဆမတန် များပြားလာနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ KSP အနေနဲ့ CDM ရဲ အယောက် ၉၀၊ ရဲတပ်ဖွဲ့ဝင်အသစ် ၃၉၈ ယောက်အပါအဝင် စုစုပေါင်းအင်အား ၅၀၈ ယောက်ပဲ ရှိတာကြောင့် နယ်မြေလွှမ်းခြုံပြီးအပြည့်အဝ လုံခြုံရေးပေးနိုင်ဖို့ ခက်ခဲနေတယ်လို့ KSP ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလို အင်အားမလုံလောက်မှုကြောင့်ပဲ ဒီးမော့ဆိုလို ပြည်သူများပြားတဲ့ ဒေသတွေမှာ မူးယစ်ဆေးဝါးနဲ့ အတူ ခိုးမှုပြဿနာတွေ ဆိုးရွားနေတာ ဖြစ်တယ်လို့ ဒေသခံတွေပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ်လကနေ ၂၀၂၆ ဩဂုတ်လအထိ တနှစ်တာအတွင်း ဖြစ်ပွားခဲ့တဲ့ အမှုပေါင်း ၁၄၃ မှုမှာ မူးယစ်ဆေးဝါးအမှု ၅၆ မှုနဲ့ ခိုးမှု ၁၃ မှု အရေးယူထားတယ်လို့ KSP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့လက်တွေ့မြေပြင်မှာတော့ ခိုးမှုတွေ နေ့တိုင်းဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လက်ရှိ ဒီးမော့ဆိုမှာ မြန်မာငွေကျပ် ၁၀,၀၀၀ ကို WY ဆေးပြား ၈ ပြားအထိ ရနိုင်ပြီး ရွာတိုင်းလိုလိုမှာ ဝယ်လို့ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဒီးမော့ဆို ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ရောင်းဝယ်ဖောက်ကားများလာတော့ ဒီရှူတဲ့သူလောက်ပဲ ထိန်းသိမ်းရင်တော့ မလွယ်လောက်ဘူး။ တကယ့်ချက်တဲ့ဖိုကို သူတို့ နှိမ်နှင်းနိုင်ရင်တော့ ကောင်းတာပေါ့၊ ဥပမာကွာ ရွာတရွာမှာဆိုရင် အနည်းဆုံး တယောက် နှစ်ယောက်လောက် ခိုးမရောင်းဘူးဆိုတာ မရှိဘူး။ လွယ်လွယ်ကူကူနဲ့ ဝယ်ဖို့ လွတ်လပ်တဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့။”
တပ်ဖွဲ့ဝင်အင်အား မလုံလောက်လို့ မူးယစ်ဆေးအမှုတွေ များလာတယ်လို့ KSP က ထုတ်ပြန်ပေမဲ့ ဒေသခံတွေကတော့ တပ်ဖွဲ့ဝင်အင်အား မလုံလောက်တာဟာ ကရင်နီပြည်မှာ ပြစ်မှုတွေများစေတဲ့ တခုတည်းသောအကြောင်းအရင်းအဖြစ် လက်မခံပါဘူး။
ဒီးမော့ဆို ဒေသခံတွေကတော့ လက်နက်ကိုင်တပ်တွေက ရဲဘော်တွေ ပါဝင်ပတ်သက်နေတဲ့ မူးယစ်ဆေးဝါးမှုတွေကို အရေးယူတဲ့အပိုင်းမှာ KSP ကို မေးခွန်းထုတ်တာတွေ ရှိနေသလို အရေးယူတဲ့အပိုင်းကိုလည်း ဝေဖန်နေကြပါတယ်။
“တိုင်ရင်လည်း အဖမ်းခံရရင် ၃ ရက်ပေါ့၊ အရွေးသမားမရှိဘူး၊ လိုက်ပေးသမားမရှိဘူးဆို တပတ်ပေါ့ အဖမ်းခံရလည်း တပတ်ပဲ။ နောက် အရွေးသမားရှိတယ်၊ တပ်ရင်း တပ်ဖွဲ့နဲ့ သက်ဆိုင်နေတယ်၊ အဲဒီရဲဘော်ကလည်း တပ်ရင်းတပ်ဖွဲ့မှာ အသုံးတည့်နေသေးတဲ့သူမျိုး ဆိုရင်တော့ ၂ ရက်ဆို လွတ်ပြီ။ ၂ သိန်း ၃ သိန်းပေးလိုက် ပြီးပြီ လွတ်သွားပြီ။”
၂၀၂၁ ဩဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့တဲ့ KSP ဟာ ၅ နှစ်အတွင်း နယ်မြေရဲစခန်း ၁၃ ခု၊ ရဲကင်း ၁၀ ခု၊ လုံခြုံရေးဂိတ် ၁၇ ခုနဲ့ ယာဉ်ထိန်းရဲရုံး ၁ ရုံး ဖွင့်လှစ်ကာ အမှုပေါင်း ၇၈၄ မှုကို ကိုင်တွယ်ခဲ့ပေမဲ့ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဘဏ္ဍာငွေ လိုအပ်ချက်တွေကြောင့် မှုခင်းနှိမ်နင်းရေးမှာ အခက်အခဲတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။











