
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက တိုက်ခိုက်လို့ သေတဲ့ ပါလက်စတိုင်းဦးရေ ၄၂,၃၄၄ ယောက်အထိ တိုးလာတယ်လို့ ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက အောက်တိုဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်ကြောင့် လူ ၅၅ ယောက် သေဆုံးပြီး ၃၂၉ ယောက် ဒဏ်ရာရရှိခဲ့တယ်၊ ဒါကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ အစောပိုင်းမှာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားပြီးကတည်းက ခုထိ ဒဏ်ရာရသူ ၉၉,၀၁၃ ယောက်အထိ ရှိလာခဲ့တယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်တလျှောက် အစ္စရေး ကာကွယ်ရေးတပ် (IDF) တပ်ဖွဲ့ဝင်တွေဟာ အနီးကပ် ထိတွေ့မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွတွေကို သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တနင်္လာနေ့မှာ ဂျနင်မြို့နဲ့ အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်းက ပါလက်စတိုင်း ဒုက္ခသည်စခန်းတွေအပေါ် စစ်ဆင်ရေးတခုအတွင်း အစ္စရေးစစ်တပ်က ပါလက်စတိုင်း ၂ ယောက်ကို သတ်ခဲ့တယ်လို့ ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
Source-Reuters










