DVB Logo
Home
မြန်မာသတင်း
ဒုချုပ်စိုးဝင်း ရောက်နေချိန် နမခကို ဒရုန်း ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
October 16, 2024
ဒုချုပ်စိုးဝင်း ရောက်နေချိန် နမခကို ဒရုန်း ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲကို အောက်တိုဘာ ၁၅ ရက်က ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်နေချိန်မှာ ဒရုန်း ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Twenty four Drone တပ်ဖွဲ့ဆီက သိရပါတယ်။

Twenty four Drone တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “နမခထဲကို ဒုချုပ်စိုးဝင်း ရောက်နေတယ်လို့ အတွင်းသတင်းရရချင်း ဆောင်ရွက်ခဲ့တာပါ။ အလျင်စလို စီမံရတာဆိုတော့ ကာမီကာဆယ် ဒရုန်း ၂ စင်းနဲ့ပဲ တိုက်ခိုက်နိုင်လိုက်ပါတယ်” လို့ ပြောပါတယ်။

ဒရုန်း ၂ စီးနဲ့ အောက်တိုဘာ ၁၅ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ၁ ကြိမ်၊ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ၁ ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

Twenty four Drone တပ်ဖွဲ့ရဲ့ တာဝန်ခံက “ပထမတစင်းက နမခထဲက စိုးဝင်းရှိနေတဲ့ စစ်ရုံးချုပ်ထဲကို တိုက်ခိုက်ခဲ့တာ။ ဒုတိယတစင်းကတော့ သူတို့စီးလာတဲ့ ရဟတ်ယာဥ်တွေ ထားတဲ့ နေရာကို တိုက်ခိုက်ခဲ့တာပါ။ ပြန်ပစ်တာတွေ ဘာတွေတော့ မရှိဘူး။ နမခထဲကို စိုးဝင်း မလာခင်ကနေ ကျနော်တို့ တိုက်ခိုက်ပြီးတဲ့အချိန်အထိ လုံခြုံရေးတွေ အရမ်းချထားတယ်။ ရဟတ်ယာဥ်တွေ ပျံပြီးတော့ကို လုံခြုံရေး အရမ်းတင်းကျပ်နေလို့ ထိခိုက်ပျက်စီးတဲ့ အခြေအနေတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအပြီး နမခထဲကနေ ရဟတ်ယာဥ် ၂ စီး ပျံတက်သွားတယ်လို့လည်း မုံရွာဒေသခံတွေဆီကနေ သိရပါတယ်။

မုံရွာမြို့ခံတယောက်က “စိုးဝင်း လာမယ်ဆိုကတည်းက မြို့ပေါ်မှာကော နမခထဲမှာပါ လုံခြုံရေးအပြည့်ပဲ။ ၁၀ နာရီနဲ့ ၁၂ ကြားမှာ နမခထဲက ပေါက်ကွဲသံ ၂ ခါ ကြားလိုက်ရတယ်။ အဲဒါပြီး သိပ်မကြာဘူး၊ ရဟတ်ယာဥ် ၂ စီး တက်လာပြီး နေပြည်တော်ဘက် ထွက်သွားတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို ဒေါင်းတမာန် လေကြောင်းစစ်ဆင်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖြစ်ကြတဲ့ Shar Htoo Waw နည်းပညာတပ်ဖွဲ့ရဲ့ Team 3 (PDAF) (ဧရာဝတီတိုင်း-ပကဖ) ဒရုန်းတပ်ဖွဲ့ ၂၊ Team 4 (SSTF)၊ Eagle Wing Drone Force၊ ဗေဒါပျံ (Drone Team) ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ‘ငါတို့’ ထောက်ပို့အဖွဲ့၊ ခွန်အားမျှပါ သိန်း ၅၀၀၀ ထောက်ပို့အဖွဲ့၊ ဒေသခံတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့အတူ Twenty four Drone အဖွဲ့က တခြားမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ ၁ ကြိမ်နဲ့ ဧပြီ ၂၄ ရက်မှာ ၁ ကြိမ် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို တိုက်ခိုက်ခဲ့ပြီး နမခဝင်း အတွင်း ထိခိုက်ပျက်စီး သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013