DVB Logo
Home
မြန်မာသတင်း
မြေပြိုရေကြီးခဲ့သည့် ဟိုပုံးမြို့နယ်တွင် အကူအညီများ လိုအပ်
DVB
·
October 15, 2024
မြေပြိုရေကြီးခဲ့သည့် ဟိုပုံးမြို့နယ်တွင် အကူအညီများ လိုအပ်
Donate to DVB

အကူအညီအရောက်အပေါက်နည်းတဲ့ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်က မြေပြိုရေကြီးတဲ့ ဒေသတွေကို လာရောက်ကူညီပေးဖို့ ဒေသခံရပ်မိရပ်ဖတွေက မေတ္တာရပ်ခံလိုက်ပါတယ်။

ဟိုပုံးမြိုနယ်ထဲက စစ်လေယာဥ်နဲ့ ဗုံးကြဲခံရတဲ့ ကျေးရွာတွေမှာ ယာဂီမုန်တိုင်းအရှိန်ကြောင့် တောင်ပြိုပြီး ရေကြီးနစ်မြုပ်တဲ့အတွက် လူသေဆုံးတာ၊ နေအိမ်အဆောက်အအုံနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ပါတယ်။ 

စစ်မက်ဖြစ်ပွားခဲ့တဲ့ဒေသဖြစ်ပေမဲ့ အခုချိန်မှာ သွားလာလို့ရပြီး လာရောက်ကူညီ လှူဒါန်းနိုင်ပါတယ်လို့ ကျေးရွာရပ်မိရပ်ဖတယောက်က ပြောပါတယ်။

“ကျနော်တို့ နောက်ပိုင်း ပြန်လည်ထူထောင်ဖို့တော့ အဆင်မပြေတော့ဘူး။ ပြန်လည်ထူထောင်ဖို့အရေးဆိုရင် တခြားအကူအညီတွေ ရှိမှရမယ်။ ကိုယ့်အားနဲ့ကိုယ်ကိုးပြီး မလုပ်နိုင်ဘူး။ တချို့တွေကတော့ ကျနော်တို့ ဒီဒေသမှာ တိုက်ပွဲတွေ ဘာညာဖြစ်နေတော့ လာလို့မရဲကြဘူးပေါ့။ အခုနောက်ပိုင်း ဆရာတော်တွေ လာကူညီတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းကတော့ အေးချမ်းပါပြီ။ အလှူရှင်များရှိရင်တော့ လာကြပေါ့။”

ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျေးရွာအုပ်စုတွေဖြစ်တဲ့ ပေါင်လင်း - ၁၊ ၂၊ ကုန်းကျိုင်း - ၁၊ ၂၊ နမ့်ခုတ်၊ ဖက်ရမ်း၊ လွယ်အွန့်၊ မိုင်းပျဥ်း၊  နမ့်ပါချီး စတဲ့ကျေးရွာတွေမှာ စက်တင်ဘာ ၁၀ ရက်က မြေပြို၊ ရေကြီးတဲ့ဒဏ်ကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။

“ဘယ်လိုဒုက္ခရောက်လဲဆိုတော့ ညသန်းခေါင်လောက် ၂ နာရီကျော်လောက်မှာ မိုးခြိမ်းသံလိုမျိုး၊ ၂ နာရီကျော်လောက် ထကြည့်တော့ ဒီမြေရော၊ အကုန်လုံး ကျောက်တွေရော၊ သစ်တွေရော ထကြည့်တော့ အိမ်ကပြိုသွားပြီ။ ဟိုဘက်အိမ်လည်း ပြိုသွားပြီ။ အဲဒါနဲ့ စိတ်က ထိန်းလို့မရဘူး။ အကြောက်တရားဝင်လာတော့ ကျနော့်အဖေနဲ့ ပတ်ဝန်းကျင်ကအိမ်တွေကို ခေါ်ထုတ်ပြီးတော့ အောက်ဘက်အိမ်ကို ခေါ်သွားပြီးတော့ ဘွားတော်တယောက်က အိမ်အောက်မှာနေတဲ့ ကျောက်တုံးက ဖိချပြီးတော့ ဘယ်လိုမှ ပြန်မရနိုင်ဘူးဗျာ။ မနက်မိုးလင်းကျမှ ရွာသားနဲ့ အများနဲ့ခေါ်ပြီးတော့မှ  အဲ့အလောင်းက နေ့လယ် ၂ နာရီခွဲမှ ပြန်ရတယ်။”

ဟိုပုံးမြို့နယ်မှာ မြေပြို၊ ရေကြီးနစ်မြုပ်မှုကြောင့် လူ ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး စပါးစိုက်ဧက ၂,၉၆၇ ဧက၊ အစေ့ထုတ်ပြောင်းစိုက်ဧက ၉၀၅ ဧက၊ စတော်ဘယ်ရီ ၁၃ ဧကနဲ့ မြေပဲ တဧက ပျက်စီးခဲ့တယ်လို့ သက်ဆိုင်ရာကျေးရွာတွေက ထုတ်ပြန်ထားပါတယ်။

မဲနယ်တောင်ကြောလွင်ပြင်ပေါ်က ချောင်းကမ်းဘေးမှာ တည်ဆောက်ထားတဲ့ ယုပ္ပေးကျေးရွာမှာ လူတွေမျောပါသေဆုံးတာ၊ တောင်မြေတွေအောက် အိမ်တွေရောက်ရှိတာ စတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

အဓိက အသက်မွေးလုပ်ငန်းဖြစ်တဲ့ စပါးခင်းရော သနပ်ဖက်ခြံပါ တောင်ပြို၊ ရေကြီးလို့ ထိခိုက်ခံခဲ့ရတယ်လို့ ယုပ္ပေးကျေးရွာသူက ရှင်းပြပါတယ်။

“ဘဝရှေ့ဆက်ဖို့ အခုက ဘယ်လိုမှ တွေးလို့မရဘူးရှင်။ ဘာလုပ်လိုလုပ်ရမှန်းမသိဘူး။ စပါးလည်း ပါသွားပြီ။ သနပ်ဖက်ခြံလည်း ပါသွားပြီ။ အခုက ဘာမှလုပ်စရာမရှိတော့ဘူး။”

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မတ်လက ဟိုပုံးမြို့နယ်အတွင်း စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ ရွာလုံးကျွတ် မီးလောင်ခဲ့ပါတယ်။ အဲဒီနောက် တိုက်တာနေအိမ်တွေ နေရာမှာ ထရံကာအိမ်တွေကို ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်အပြီး ၆ လအကြာမှာ မြေပြိုရေကြီးတဲ့ဘေးဒုက္ခကို ဆက်လက်ခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013