DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည် သမိုင်းဝင် သီပေါဟော်နန်းတွင် ဗုဒ္ဓကောလိပ် ဖွင့်လှစ်
DVB
·
July 2, 2026
Photo: Sao Su Kham Facebook
Photo: Sao Su Kham Facebook
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့က သီပေါစော်ဘွားကြီး စဝ်ကြာဆိုင်နဲ့ မဟာဒေဝီတို့ရဲ့ သမိုင်းဝင် ဟော်နန်းမှာ ဗုဒ္ဓကောလိပ် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အဆိုပါဟော်နန်းကြီးကို သီပေါစော်ဘွားရဲ့ ဆွေတော်မျိုးတော်တွေက ဘာသာ၊ သာသနာအကျိုး ဆောင်ရွက်ဖို့ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာတော်အဖွဲ့အစည်းထံ လှူဒါန်းခဲ့တာကြောင့် ဗုဒ္ဓကောလိပ် ဖွင့်လှစ်ဖို့ ဆုံးဖြတ်စီစဉ်လိုက်တာလို့ သီပေါဒေသခံ သံဃာတော်တပါးက DVB ကို မိန့်ပါတယ်။

“ဦးဇင်းတို့ သိရသလောက်တော့ အဲဒီ သီပေါဟော်နန်းကို သာသနာအကျိုး အများအကျိုး ကောင်းမှုပြုဖို့ သီပေါစော်ဘွား ဆွေတော်မျိုးတော်တွေက လှူဒါန်းထားတယ်။ အဲဒါကြောင့် ဗုဒ္ဓကောလိပ် ဖွင့်လှစ်တယ်ပေါ့နော်။ ဒါပေမဲ့ စာသင်ခန်းကတော့ လက်ရှိ ပြတိုက်ဖွင့်ထားတဲ့ ‌ဟော်နန်းမှာ မဟုတ်ဘူး။ ဟော်နန်းကို နဂိုလက်ရာအတိုင်း ရှေးမူမပျက် ထိန်းသိမ်းပြီး စာသင်ဆောင်တွေ သပ်သပ်ဆောက်လုပ်မှာဖြစ်တယ်။ ပြတိုက်လည်း ပုံမှန်အတိုင်း လာလေ့လာနိုင်တယ်။ သင်ကြားရေး ဘယ်တော့စမလဲ ဆိုတာကတော့ လက်ရှိ ဗုဒ္ဓအထက်တန်းကျောင်းမှာ ဒုတိယဆင့်၊ တတိယဆင့် သင်တန်းသားတွေ စာအောင်ပြီးတာနဲ့ ကောလိပ်အဆင့်ကို အဲဒီမှာဆက်တက်ဖို့ ပြင်ဆင်ထားတာပါ။”

မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရနဲ့ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စ်ဖို့ဒ်ဆရာတော် ဓမ္မသာမိ တို့ရဲ့ ဩဝါဒကို ခံယူပြီး သီပေါ ဗုဒ္ဓကောလိပ် (Buddhist College) ရဲ့ ဆိုင်းဘုတ်တင် မင်္ဂလာဖွင့်ပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဇွန် ၂၉ ရက် ပထမဝါဆိုလပြည့်နေ့ မနက် ၇ နာရီက ကျင်းပခဲ့တယ်၊ တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ၊ ဗဟိုဝန်ဆောင်ဆရာတော် ဦးဒေဝိန္ဒ (ဘော်ကြို)၊ မြို့နယ်သံဃမဟာနာယက ဆရာတော်နဲ့ သံဃာတော်တွေ၊ မြို့နယ် သာသနာရေးမှူး၊  မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖနဲ့ သီပေါစော်ဘွား ဆွေတော်မျိုးတော်တွေ တက်ရောက်ခဲ့ပါတယ်။

ဆိုင်းဘုတ်တင် မင်္ဂလာဖွင့်ပွဲပြီးတဲ့နောက် ဆရာတော်များထံမှ ငါးပါးသီလခံယူခြင်း၊ ဦးဆောင် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်း၊ သီပေါစော်ဘွား ၉၉ ဆက်တို့ကို ရည်စူးပြီး ကောင်းမှုကုသိုလ် ရေစက်ချ အမျှဝေခြင်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

သီပေါဟော်နန်းဟာ သီပေါနယ်ကို အုပ်ချုပ်ခဲ့တဲ့ ရှမ်းစော်ဘွားတွေ နေထိုင်ရာ အဆောက်အအုံ ဖြစ်ပြီး ၅ ဧက ကျယ်ဝန်းတဲ့ မြေကွက်ပေါ်မှာ ဆောက်လုပ်ထားပါတယ်။

လက်ရှိ ပြတိုက်ဖွင့်ထားတဲ့ ဟော်နန်းကို လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ သီပေါကျမိုင်းကိုယ်တော် စဝ်အုန်ကြာက အင်္ဂလိပ်ဗိသုကာပုံစံနဲ့ တည်ဆောက်ခဲ့တယ်၊ အဲဒီနောက် စော်ဘွားအဆက်ဆက် စံမြန်းလာတာမှာ ၁၉၆၂ ခုနှစ် မြန်မာပြည် စစ်အာဏာသိမ်းမှုဖြစ်ပြီး သီပေါစော်ဘွားကြီး စဝ်ကြာဆိုင် ဖမ်းဆီးခံခဲ့ရပါတယ်။ စော်ဘွားကြင်ယာတော် မဟာဒေဝီနဲ့ မိသားစုဝင်တွေလည်း ၁၁ လကြာ အကျယ်ချုပ်ခံထားရတယ်၊ စော်ဘွားကြီးကို ဘယ်မှာချုပ်နှောင်ထားမှန်း မသိရ၊ စော်ဘွားကြီးနဲ့လည်း တွေ့ဆုံခွင့်မရှိတဲ့အပြင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေ ရှိတာကြောင့် မဟာဒေဝီ ( ဩစတြီးယားသူ အင်ဂါဆားဂျင့်) ဟာ သမီးတော် ၂ ပါးကို ခေါ်ဆောင်ပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ စော်ဘွားကြီး စဝ်ကြာဆိုင်မှာလည်း ယနေ့ထက်တိုင် သေသည်မသိ ရှင်သည်မသိ သတင်းမှောင်ချခံထားရပါတယ်။

၁၉၇၂ ခုနှစ်မှာ စော်ဘွားကြီးရဲ့ တူတော် စဝ်ဦးကြာက ဟော်နန်းထံ ပြောင်းရွှေ့လာပြီး ဟော်နန်းကိုလည်း အများသူငါ လေ့လာနိုင်ဖို့ ပြတိုက်အသွင် ပြောင်းခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီး သီပေါ အပါအဝင် ရှမ်းပြည်နယ်ရှိ မြို့အတော်များများကို သိမ်းပိုက်ခဲ့တယ်၊ တိုက်ပွဲတွေ ဖြစ်ပွားခဲ့စဉ် သီပေါ ဒေသခံတွေ စစ်ဘေးရှောင်ခဲ့ရပြီး သီပေါအမွေအနှစ် ဟော်နန်းကြီးအတွက်လည်း စိုးရိမ်စိတ်တွေ ကြီးမားခဲ့ကြပါတယ်။ ကံအားလျော်စွာ ဟော်နန်းမှာ ဘေးမသီရန်မခဘဲ သီပေါကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ခဲ့ပြီးနော် အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်စဉ် ခုလို ဗုဒ္ဓကောလိပ် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013