DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် လေယာဉ်လက်မှတ်အရောင်းကုမ္ပဏီအမည်ခံ  လိမ်လည်မှုရှိနေ 
DVB
·
October 15, 2024
ထိုင်းတွင် လေယာဉ်လက်မှတ်အရောင်းကုမ္ပဏီအမည်ခံ  လိမ်လည်မှုရှိနေ 
Donate to DVB

နည်းပညာထွန်းကားတဲ့ ဒီကနေ့ခေတ်မှာ အွန်လိုင်းဝန်ဆောင်မှုအမျိုးမျိုးကြောင့် အချိန်ကုန် လူပန်း သွားလာတန်းစီစရာမလိုဘဲ မိမိလိုအပ်တဲ့အရာကို အလွယ်တကူဝယ်ယူနိုင်ပေမဲ့ အလိမ်အညာခံရတာတွေလည်း ရှိနေပါတယ်။

အွန်လိုင်းပေါ်မှာ တာဝန်ရှိသူအယောင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းတာ၊ အမျိုးမျိုး လှည့်ဖြားပြီး မိမိဘဏ်စာရင်းကို ရယူငွေထုတ်သွားတာ၊ အယောင်ဆောင်လက်ထပ်တာ၊ လိမ်လည်ရင်းနှီးမြှုပ်နှံတာ စသဖြင့် အမျိုးမျိုးရှိပြီး လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်လုပ်ကာ လိမ်လည်မှုတွေလည်း ရှိနေပါတယ်။ 

ဝက်ဘ်ဆိုက်ပေါ်ကနေ အထူးလျှော့ဈေးနဲ့ ရောင်းချပေးနေတဲ့ လေယာဉ်လက်မှတ်တွေကို ယုံကြည်စွာ မှာယူခဲ့ပြီး ခရီးထွက်ခါနီးထိ လေယာဉ်လက်မှတ်မရတဲ့အပြင် ပြန်အမ်းငွေတွေလည်း ပြန်မရကြောင်း၊ ဒီနှစ်ထဲမှာ အဲဒီလို အလိမ်ခံရသူ အယောက် ၉၀ ရှိပြီး နစ်နာဆုံးရှုံးငွေ ဘတ် ၁၀ သန်းခန့်ရှိတယ်လို့  The Nation TV ရဲ့  အထူးအစီအစဉ်တခုမှာ ပြီးခဲ့တဲ့အပတ်က  ထုတ်လွှင့်သွားပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး The Nation သတင်းဌာနက နစ်နာဆုံးရှုံးသူ  ၃ ဦးကို ဆက်သွယ် မြေးမြန်းခဲ့ပါတယ်။

ပထမတဦးမှာ အောက်တိုဘာ ၁၄ ရက်နေ့ နယူးဇီလန်နိုင်ငံကို မိသားစုလိုက်သွားဖို့ နာမည်ရှိ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်ကုမ္ပဏီကနေ ကြိုတင်လေယာဉ်လက်မှတ် ၈ စောင်မှာယူခဲ့တယ်၊ အရင်တခေါက်က ဝယ်ဖူးတာမို့ ယုံကြည်ပြီး ကျသင့်ငွေ ဘတ် ၄၁၁, ၂၇၈ ကို  ဩဂုတ် ၉ ရက်နေ့က လွှဲပေးခဲ့တယ်၊ ဩဂုတ် ၂၈ မှာ ကုမ္ပဏီက လေယာဉ်လက်မှတ်နဲ့ပတ်သက်လို့ ပြဿနာအနည်းငယ်ရှိလို့ လက်မှတ်ထုတ်မပေးနိုင်ကြောင်း တောင်းပန်စာကို အီးမေးလ်နဲ့ ပို့လာတယ်၊ သွင်းထားတဲ့ငွေတွေ ပြန်လွှဲပေးမှာဖြစ်ပြီး နစ်နာကြေးအနေနဲ့ ၇.၉ ရာခိုင်နှုန်း အတိုးပါပေးမယ်၊ လျှောက်လွာစာရွက်မှာ အချက်အလက်ဖြည့်ပေးဖို့ ပြောတယ်။ သူတို့လည်း လျှောက်လွှာဖြည့်ပြီး ပြန်ပို့ခဲ့ပေမဲ့ ငွေ ဘယ်နေ့ပြန်ရမယ်ဆိုတာ သေချာမပြောဘူး၊ ဖုန်းဆက်တော့ ခရက်တစ်ကတ်နဲ့  ပြန်ထုတ်ပါလို့ ပြောပြီး ဘယ်လိုလမ်းကြောင်းကနေ ဘယ်လို ထုတ်ရမလဲ မသိ၊ နောက်တော့ အီးမေးလ်ထဲက စာလည်းမပြန်၊ အဆက်အသွယ်လည်းမရ၊  သူတို့ဟာ ခရီးကလည်း ထွက်ရမှာမို့  လေကြောင်းလိုင်းကနေပဲ တိုက်ရိုက်လက်မှတ်ပြန်ဝယ်ခဲ့ရတယ်လို့ ပြောပါတယ်။ 

နောက်တဦးကတော့ ဩဂုတ် ၂၈ မှာ တောင်အာဖရိကတိုက်ကို သွားဖို့အတွက် ဇူလိုင် ၁၅ နေ့မှာ ကြိုတင်လေယာဉ်လက်မှတ်ဖိုး ဘတ် ၂၇,၈၄၀ ကို တကြိမ်၊ ဩဂုတ် ၅ ရက်နေ့မှာ နောက်တစောင်အတွက် ဘတ် ၂၀,၉၀၀ တကြိမ် QR Code နဲ့ လွှဲပေးခဲ့တယ်၊ ၃ ရက်အတွင်း လေယာဉ်လက်မှတ်ရမယ်ပြောပြီး နောက် ၁၅ ရက်အတွင်း ပြန်စောင့်ခိုင်းတယ်၊ ခရီးထွက်ရက်နီးတဲ့အထိ လက်မှတ်မရ၊ အီးမေးလ်ကနေ စာလည်းမပြန်၊ LINE လည်း မကြည့် ဖုန်းဆက်လည်း မကိုင်လို့ ဖန်ငခရိုင်ကနေ ဘန်ကောက်ထိ တက်လာပြီး လေကြောင်းလိုင်းကို လာမေးတယ်၊  သူတို့နာမည်ဟာ  လေယာဉ်လက်မှတ် ဘွတ်ကင်လုပ်တဲ့ထဲ ပါပေမဲ့ ငွေသွင်းထားတာ မရှိသေးလို့ လက်မှတ်မထုတ်ပေးနိုင်ဘူးလို့ ပြောတယ်၊ သာမန်ဆိုရင် ငွေရှင်းတာနဲ့ ၂၄ နာရီအတွင်း လေယာဉ်လက်မှတ်ရရမှာဖြစ်တယ်၊  ခရီးကလည်း ထွက်ရမှာမို့ နောက်ထပ် လေယာဉ်လက်မှတ် ပြန်ဝယ်ရတယ်၊ ၂ ကြိမ်‌ဝယ်ရတာကြောင့် ဘတ်ငွေ ၅၀,၀၀၀ ကျော် ၆၀,၀၀၀ နီးပါးကုန်သွားတယ်၊ ကုမ္ပဏီကို အရေးယူဖို့ ရဲစခန်းတိုင်ထားတယ်လို့ ပြောပါတယ်။ 

တတိယခရီးသည်ကတော့ စက်တင်ဘာ ၂၀ မှာ အင်္ဂလန်နိုင်ငံသွားဖို့ ဩဂုတ် ၁၇ မှာ ကြိုတင်လက်မှတ် မှာတယ်၊ လေယာဉ်လက်မှတ်ဖိုး ဘတ် ၃၄, ၇၄၇ သွင်းလိုက်တယ်၊ ဩဂုတ် ၃၀ မှာ လေယာဉ်လက်မှတ်ရဖို့ အခက်အခဲရှိလို့  ငွေပြန်အမ်းမယ်လို့ စာပို့လာတယ်၊ ပြန်အမ်းငွေ ကို ခရက်တစ်ကတ်နဲ့ ပြန်ယူနိုင်တယ်လို့ ပြောပေမဲ့ ဘယ်လိုအဆင့်တွေ ကျော်ဖြတ်ရယူမလဲဆိုတာ သေချာမရှင်းပြဘူး၊ ကိုယ့်ငွေကိုယ်ပြန်ရဖို့ ခဲယဉ်းတယ်၊ ဒါကြောင့် အွန်လိုင်းကနေ ဘဝတူ နစ်နာဆုံးရှုံးသူတွေစုလိုက်ပြီး  ရဲစခန်းကို တိုင်ကြားထားတယ်၊  အမှုက ခုထိ တိုးတက်မှု မရှိသေးဘူးလို့  နစ်နာသူက ပြောသွားပါတယ်။ 

နေရှင်းသတင်းဌာနက အဆိုပါကိစ္စစုံစမ်းမေးမြန်းရာမှာ တာဝန်ရှိသူ အပြင်သွားနေလို့ ပြန်လာရင် ပြန်ဆက်ခိုင်းမယ်၊ အမည်နဲ့ ဖုန်းနံပါတ်ထားခဲ့ပါလို့ ပြောဆိုပြီး ပြန်လည်ဆက်သွယ်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ 

သတင်းဌာနက နောက်ထပ်စုံစမ်းသိရှိရတာကတော့ အဆိုပါကုမ္ပဏီက ဝန်ထမ်းအချို့လည်း လစာပုံမှန်မရတဲ့ ပြဿနာရှိနေတယ်လို့ ဆိုပါတယ်၊ လေယာဉ်လက်မှတ်အရောင်းကုမ္ပဏီရဲ့ အမည်ကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။ 

ThaiPBS သတင်းမှာတော့ ကုမ္ပဏီနာမည်အမျိုးမျိုးကနေ ကြိုတင်လက်မှတ်ဝယ်ယူခဲ့ပေမဲ့ E- ticket နံပါတ်မရသူ၊ ခရီးစဉ်ပြောင်းလဲရသူ၊ ငွေဆုံးရှုံးရသူဦးရေ ၁၀၀ ကျော်တယ်လို့  ဖော်ပြသွားပါတယ်။

ကိုးကား - The Nation / Thai PBS 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013