
ဂျပန်နိုင်ငံရဲ့ တချို့ဒေသတွေမှာ တိုင်ဖွန်းမုန်တိုင်း မက္ခလာနဲ့ အပူပိုင်းမုန်တိုင်း အီးဂို့စ်တို့ကြောင့် ဇွန် ၂၇ ရက်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြေပြိုမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ရတယ်။
အများပြည်သူ ရုပ်သံလွှင့်ဌာန NHK ရဲ့ ဖော်ပြချက်အရ ယာမာဂူချီပြည်နယ်၊ ဟီရာအိုမြို့ရှိ ၂ ထပ်အိမ် တလုံးမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ရွှံ့နွံတွေနဲ့ အပျက်အစီးတွေက နေအိမ် ပထမထပ်ကို ကျရောက်ခဲ့ပြီးနောက် လူ ၃ ယောက် ဒဏ်ရာရကာ တယောက် ပျောက်ဆုံးနေပါတယ်။
အဲဒီဒေသမှာ ဇွန် ၂၄ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေခဲ့တာပါ။ ဘေးချင်းကပ်က ယာနာအိမြို့မှာ မိုးရေချိန် ၃၅၀ မီလီမီတာထက် ကျော်လွန်သွားပြီ ဖြစ်ကြောင်း ဒေသခံ ပြည်တွင်း မိုးလေဝသ စောင့်ကြည့်ရေးစခန်းက ပြောပါတယ်။
မိုးသည်ထန် မြေပြိုမှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အာဏာပိုင်တွေဟာ တိုကျိုရှိ အိုရှီမာမြို့နဲ့ ရှီဇူအိုက စီရင်စုရှိ ရှီမိုဒါမြို့အပါအဝင် ဒေသအများအပြားမှာ ဒေသခံပြည်သူ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်လို့ NHK က သတင်းဖော်ပြပါတယ်။
တချိန်တည်းမှာပဲ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက လူနေရပ်ကွက်တခုမှာလည်း ဧရာမ မြေကျွံတွင်းကြီး တခုဖြစ်ပေါ်ခဲ့တယ်လို့ Nippon TV က သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၂၆ ရက်ညနေပိုင်းက စတင်ကျွံကျခဲ့တဲ့ အဲဒီတွင်းကြီးဟာ အလျား ၉ မီတာ၊ အနံ ၆ မီတာနဲ့ အနက် ၅ မီတာလောက် ရှိပြီး မော်တော်ကားဂိုဒေါင်တခုရဲ့ တစိတ်တပိုင်းနဲ့ ဆိုင်ကယ်တစီးကိုပါ မျိုချသွားခဲ့ပါတယ်။
အဲဒီမြေကျွံတွင်းကြီးက ပိုကျယ်ပြန့်လာမဲ့ အန္တရာယ်ရှိတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အနီးနားရှိ အိမ်ခြေ ၂၀ ဝန်းကျင်က ဒေသခံတွေကိုပါ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ သတိပေး နှိုးဆော်ထားတယ်လို့ ရုပ်သံလွှင့်ဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့ က ယူဆထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ထပ်လောင်း ပြောကြား ခဲ့ပါတယ်။
Source: Reuters










