DVB Logo
Home
မြန်မာသတင်း
စစ်ရေးပဋိပက္ခကြောင့် ရခိုင်လူငယ်များ အလုပ်အကိုင်နှင့် ပညာရေး အကြီးအကျယ် ထိခိုက်နေ
DVB
·
June 25, 2026
Photo : DVB
Photo : DVB
Donate to DVB

ရခိုင်ဒေသအတွင်းမှာ စစ်ရေးပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ် လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေဟာ အကြီးအကျယ် ထိခိုက်နေပြီး လူငယ်ဦးဆောင်အဖွဲ့ (YLO) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်တွေအရ ရခိုင်ဒေသအတွင်း လူငယ် ၅၅ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့ ဖြစ်နေကြ တယ်လို့ သိရပါတယ်။ 

လူငယ်ဦးဆောင်အဖွဲ့ (YLO ) က ဇွန်လ ၂၂ ရက်နေ့ထုတ်ပြန်တဲ့ အစီရင်ခံစာ “Livelihood Need Assessment Report” မှာ ရခိုင်ပြည်ထဲက လူငယ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာ ၊ ကျွမ်းကျင်မှု လိုအပ်ချက်ရှိတာနဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ ငွေကြေးအရင်းအနှီး မရှိတာစတဲ့ အကျပ်အတည်းများကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ဆိုထားပါတယ်။ 

ဒီအစီရင်ခံစာဟာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့နယ်တွေက လူငယ် ၅၇ ယောက်ကို မျက်နှာချင်းဆိုင်တွေ့ဆုံမေးမြန်းပြီး လူငယ်ဦးဆောင်အဖွဲ့ (YLO) စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ 

ကောက်ယူရရှိထားတဲ့ စစ်တမ်းတွေအရ အလုပ်အကိုင်ရရှိထားတဲ့ လူငယ်တွေထဲက ၄၀ ရာခိုင်နှုန်း ဟာ လစဉ်ဝင်ငွေ ကျပ် ၁ သိန်းအောက်သာ ရရှိနေကြပြီး ၆၀ ရာခိုင်နှုန်းက သူတို့ရဲ့ ပညာ အရည်အချင်းနဲ့ လက်ရှိလုပ်ကိုင်နေရတဲ့ အလုပ်တွေ မကိုက်ညီဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်တမ်းဖြေဆိုသူ ၄၀ ရာခိုင်နှုန်းကတော့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့ရသူတွေဖြစ်ပြီး ၆၅ ရာခိုင်နှုန်းက အလုပ်အကိုင် ဒါမှမဟုတ် ဝင်ငွေ ထိခိုက်ခဲ့ရတယ်လို့ ဆိုထားပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် ပညာသင်ကြားရေးလမ်းကြောင်း ပြတ်တောက်သွားခဲ့ရတဲ့အပြင် လက်ရှိမှာလည်း အလုပ်အကိုင်မရသေးတဲ့ ရခိုင်လူငယ် အမျိုးသမီးတစ်ယောက်က သူ့ရဲ့ ခံစားချက် ကို ရင်ဖွင့်ပါတယ်။ 

ရခိုင်လူငယ်အမျိုးသမီးတယောက်က “အခု ဒီရခိုင်မှာ အလုပ်အကိုင်က သိပ်ရွေးချယ်စရာ မရှိဘူး။ ကုန်သည် လုပ်မလား ဒါမှမဟုတ် တခြား အဖွဲ့အစည်းမှာ လုပ်မလား ဒါမှမဟုတ် ဆိုင်ပဲ ရောင်းမလား အဲလိုမျိုးပဲ ရွေးချယ်စရာတွေက လေး၊ ငါး ခုပဲရှိတာ။ အလုပ်အကိုင်ဆိုလို့ ရှိရင်လည်း ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး ၊ ၁၀ တန်း အောင်စက အိမ်မက်တွေက အရမ်း ကြီးပါတယ် ၊ ဒါပေမဲ့ အချိန် ကြာလာတာနဲ့အမျှ တနှစ်ပြီးတနှစ် ပြောင်းလာတာနဲ့ အိပ်မက်တွေက ပျောက်သွားမလို့ တောင် ဖြစ်နေပါတယ်။ ဒီဖက်မှာကျ တော့ အဲလိုမျိုး အခွင့်အလမ်းလည်း မရှိဘူး ဆိုတော့ ငါ့ အိပ်မက်တွေက ဖြစ်မှဖြစ်ပါ့မလား အဲလိုမျိုး စိတ်ပူပြီး စိုးရိမ်တာတွေ အရမ်းဖြစ်တယ်။ အခွင့်အလမ်းဆိုတာ ကိုယ်နဲ့ မဆိုင်သလိုမျိုးတောင် တွေးဖူးတယ်။ ကိုယ့်ဟာကိုယ် ဘာမှ မဟုတ်တော့ဘူး ဒီအတိုင်းပဲ အဆုံးသတ်တော့မယ်ပေါ့နော် အိမ်မက်ဆိုတာကို မမက်ရဲတဲ့ အထိတောင် ဖြစ်ဖူးတယ်”လို့ ပြောပါတယ်။

သူဟာ တက္ကသိုလ် ဒုတိယနှစ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းနားခဲ့ရပြီး နောက်ပိုင်းမှာ စစ်အာဏာသိမ်းလိုက်ပြီးနောက် ရခိုင်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ပညာရေးကို တပိုင်းတစနဲ့ ရပ်နားလိုက်ရတာပါ။ 

အရင်ကတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် သင်တန်းတွေ ပေးနိုင်တဲ့ ဆရာမ တယောက် ဖြစ်ဖို့ သူမျှော်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ပညာသင်ကြားနိုင်ခွင့်ရော အလုပ်အကိုင် အခွင့်လမ်းပါဆုံးရှုံးနေရလို့ သူ့ရဲ့ အနာဂတ်အိပ်မက်လေးက ဝေဝါးနေဆဲဖြစ်တယ်လို့ ဆိုထား ပါတယ်။

ဒီလို ကြုံတွေ့ရတာ သူတယောက်တည်းမဟုတ်ပါဘူး။ ရခိုင်ပြည်နယ်က လူငယ် ၅၅ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့ဖြစ်နေတယ်လို့ Livelihood Need Assessment Report မှာဖော်ပြထားပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ့ YLO က ဒီလို အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် အကြံပြုချက် ၅ ချက်ကို တင်ပြထားပါတယ်။

အဲဒီအထဲမှာ ဒစ်ဂျစ်တယ်နဲ့ အင်္ဂလိပ်စာ သင်တန်းတွေကို ကျေးရွာအုပ်စုအဆင့်မှာ အခမဲ့ ဖွင့်လှစ် ပေးဖို့၊ အသေးစား လုပ်ငန်းလုပ်ကိုင်လိုသူတွေအတွက် ချေးငွေနဲ့ ထောက်ပံ့ကြေးတွေ ပေးအပ်ဖို့၊ အလုပ်အကိုင် သတင်းအချက်အလက် စင်တာတွေ တည်ထောင်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပါဝင်ပါတယ်။ 

လူငယ်တွေရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လိုအပ်ချက်တွေအတွက် YLO တာဝန်ရှိသူ တယောက်က "လူငယ်တွေအနေနဲ့ အရင်းအနှီး အသေးစိတ် အထောက်အပံ့တွေ လိုအပ်တာတွေ၊ ဒါမှမဟုတ် အတိုးနှုန်း သက်သာတဲ့ ချေးငွေအစီအစဉ်တွေ၊ အစီအစဉ်တရပ်အနေနဲ့ ထူထောင်ပေးဖို့ လိုအပ်တယ်။ ငွေကြေးအကူအညီအပြင် တခြားသော လုပ်ငန်းစီမံကိန်းခန့်ခွဲမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ တတ်မြောက်မှု သင်တန်းတွေ ၊ လုပ်ငန်းအလိုက်လိုအပ်တဲ့ ပစ္စည်းကိရိယာ ဥပမာ - အသက်မွေးဝမ်းကျောင်းနဲ့ သက်ဆိုင်တဲ့ သင်တန်းပို့ချပေးမယ်ဆိုရင် စက်ချုပ်စက်တွေ၊ မွေးမြူရေးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ၊ စိုက်ပျိုးရေး ကိရိယာတွေကိုလည်း အရစ်ကျ ဒါမှမဟုတ် ငှားရမ်းအသုံးပြုခွင့်ပေးတာတို့၊ ဒေသခံ ဈေးကွက်တွေ Online ရောင်းချပေးတဲ့ Platform တွေအနေနဲ့ ချိတ်ဆက်ပေးပြီးတော့ ပံ့ပိုးပေးဖို့ လိုအပ်နေတာတွေကို တွေ့ခဲရတယ်"လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းက လူငယ်တွေဟာ စစ်ရေးပဋိပက္ခ၊ ဆက်သွယ်ရေး အခက်အခဲနဲ့ စီးပွားရေးအကျပ်အတည်းတွေကြားမှာ အနာဂတ်မဲ့နေရတဲ့ အခြေအနေကို ရောက်ရှိ နေတာပါ။

ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ လူငယ်တွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပေါ် ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ပေးဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013