
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနယ်စပ်မှာ စစ်ရေးတင်းမာမှုတွေ လျှော့ချဖို့နဲ့ မတော်တဆ စစ်ရေးပဋိပက္ခ မဖြစ်ပွားအောင် တားဆီးနိုင်ဖို့အတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မြောက်ကိုရီးယားကို အောက်တိုဘာ ၂၂ ရက်မှာ တိုက်တွန်း လိုက်ပါတယ်။
မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားကို "ရန်သူ" လို့ သတ်မှတ်ပြီး နောက်ထပ် ဆွေးနွေးပွဲ တွေ ဒါမှမဟုတ် ပြန်လည်ပေါင်းစည်းရေးတွေကို ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပြီးတဲ့ နောက် စစ်ဘက်ဆိုင်ရာ တိုက်ရိုက်ဆက်သွယ်ရေးလိုင်း (Hotline) ကို ဖြတ်တောက်လိုက်တာပါ။
လက်ရှိမှာ နှစ်နိုင်ငံကြား စစ်ဘက်ဆက်သွယ်ရေးလိုင်းတွေ လုံးဝပြတ်တောက်နေပြီး မြောက်ကိုရီးယားဘက်က သတင်းထုတ်ပြန်ချက်တွေပဲ ထုတ်ပြန်နေရတာက အဲဒီအချက်ကို သက်သေပြနေတာဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျောင်ဘစ်နားက ပြောပါတယ်။
ဒါ့အပြင် အထင်လွဲတာမျိုး မဖြစ်စေဖို့နဲ့ မတော်တဆ စစ်ရေးပဋိပက္ခတွေ မဖြစ်ပွားစေဖို့ မြောက်ကိုရီးယားအနေနဲ့ ဆွေးနွေးပွဲစားပွဲဝိုင်းကို လာဖို့လိုသလို ဒီလိုလုပ်ရပ်တွေကိုလည်း ရပ်တန့်ဖို့ လိုအပ်တယ်လို့ ထပ်လောင်းပြောပါတယ်။
တဖက်မှာလည်း မြောက်ကိုရီးယားဘက်ကသာ ခြိမ်းခြောက်ထားတဲ့အတိုင်း တကယ်လုပ်ဆောင် လာရင် တောင်ကိုရီးယားဘက်က သင့်တော်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာဖြစ်ပေမဲ့ တိကျတဲ့ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။
မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်ပြောဆိုထားတာတွေ ရှိနေပေမဲ့ လက်ရှိမှာ လက်နက်သစ် တွေ တပ်ဆင်ဖြန့်ကြက်နေတဲ့ လက္ခဏာမျိုး ဘာမှ မတွေ့ရသေးကြောင်းနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) ပြန်ကြားရေးညွှန်ကြားရေးမှူး ဂျန်ဒိုယောင်း က ပြောပါတယ်။
စစ်မဲ့ဇုန် (DMZ) အတွင်း ခံစစ်အစီအမံတွေ လုပ်ဆောင်နေချိန်မှာပဲ မြောက်ကိုရီးယားဘက်က ထောင်ထားတဲ့ မိုင်းတွေကြောင့် ပြီးခဲ့တဲ့လက ပေါက်ကွဲမှုဖြစ်ပွားပြီး တောင်ကိုရီးယားစစ်သား ၂ ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ပြောပါတယ်။
မြောက်ကိုရီးယားကတော့ ဒီဖြစ်စဉ်ဟာ တောင်ကိုရီးယားရဲ့ လုပ်ကြံဖန်တီးမှုတခုပဲဖြစ်တယ်လို့ ဆိုကာ တာဝန်ယူဖို့ ငြင်းဆိုထားပြီး၊ သူတို့နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ပြောကြားထားပါတယ်။
Source: Reuters











