DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျက မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၉ သန်း ထောက်ပံ့မည်
DVB
·
October 15, 2024
ဩစတြေးလျက မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၉ သန်း ထောက်ပံ့မည်
Donate to DVB

စစ်ဘေးဒဏ်သင့် မြန်မာပြည်သူတွေအတွက် ဩစတြေးလျနိုင်ငံက လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာ ၉ သန်း ထောက်ပံ့ပေးသွားမယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဩစတြေးလျနိုင်ငံအနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ပြင်းထန်တဲ့ ဂယက်ရိုက်ခတ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးရွားလာတဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက “ဩစတြေးလျနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မိပါတယ်။ ပြောပြလို့မရအောင် ဆိုးရွားတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေပေမဲ့ မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရာမှာ သူတို့ရဲ့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုကို ဆက်လက်ထုတ်ဖော် ပြသနေဆဲဖြစ်သလို ဩစတြေးလျနိုင်ငံဟာလည်း မြန်မာပြည်သူတွေကို ထောက်ပံ့ရေးမှာ အခိုင်အမာ ဆက်ရှိနေမှာပါ။ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်သွားဖို့၊ မတရားဖမ်းဆီး ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးကို လမ်းဖွင့်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်လျှောက်လှမ်းသွားဖို့လည်း စစ်ကောင်စီကို ထပ်မံတောင်းဆိုပါတယ်” လို့ ပြောပါတယ်။

အခုထောက်ပံ့ရေး အစီအစဉ်ကို‌တော့ ဩစတြေးလျအစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများအကြား ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ဩစတြေးလျ လူသားချင်းစာနာထောက်ထားမှု (၂၀၁၇-၂၀၂၇) ၁၀ နှစ်တာ မိတ်ဖက်အစီအစဉ်ကနေတဆင့် ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကတည်းကစတင်ကာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို ဩစတြေးလျနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီ ပေးအပ်မှု စုစုပေါင်း ငွေကြေးပမာဏဟာ အခုတကြိမ်နဲ့ဆိုရင် ဒေါ်လာ သန်း ၈၈၀ အထိ ရှိသွားပြီလို့ သိရပါတယ်။

ဩစတြေးလျနိုင်ငံဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေ ဒေါ်လာ ၉ သန်းကို စစ်ကောင်စီထံ တိုက်ရိုက်ပေးအပ်သွားမှာ မဟုတ်သလို ဩစတြေးလျနိုင်ငံရဲ့ ရန်ပုံငွေ ထောက်ပံ့မှုဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ တရားဝင်မှုကို ထောက်ခံရာရောက်တဲ့ သဘောမျိုး မဖြစ်အောင်လည်း အလေးအနက်ထား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းအတွက် ကုလသမဂ္ဂ ဗဟိုအရေးပေါ် တုံ့ပြန်ရေးရန်ပုံငွေ (CERF) ကနေ ဒေါ်လာ ၁၇ ဒသမ ၈ သန်း ထောက်ပံ့ပေးသွားမယ့် အစီအစဉ်ကိုလည်း ဩစတြေးလျနိုင်ငံက ကြိုဆိုခဲ့ပြီး ဩစတြေးလျနိုင်ငံဟာ CERF မှာ ကာလကြာ အလှူရှင်နိုင်ငံလည်း ဖြစ်ပြီးတော့ နှစ်စဉ် ဒေါ်လာ ၁၁ သန်း ထည့်ဝင်လှူဒါန်းနေတာ ဖြစ်ပါတယ်။

ဩစတြေးလျ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပစိဖိတ်ဒေသရေးရာဝန်ကြီး ပတ်ကွန်ရွိုင်း ကလည်း “ဩစတြေးလျနိုင်ငံဟာ လူသားချင်းစာနာမှု အသက်ကယ် အကူအညီတွေ လိုအပ်နေတဲ့ မသန်စွမ်းပုဂ္ဂိုလ်တွေ၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် မြန်မာနိုင်ငံက ထိလွယ်ခိုက်လွယ် အဖြစ်နိုင်ဆုံးသူတွေကို ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်တယ်”လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံတွင်း နေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၄ သန်းကျော်ရှိပြီး လူပေါင်း ၁၈ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013